Monday, February 29, 2016

တရုတ်မှာ ကျော်ကြားနေတဲ့ ''Descendants of the Sun''

The Mirror Daily's photo.
''အွန်စော''လို့ မြန်မာပရိသတ်တွေ မှတ်သားထားတဲ့ တောင်ကိုရီးယား မင်းသမီးချော ဆောင်းဟေကို ခေါင်းဆောင်ပါဝင်ထားတဲ့ တောင်ကိုရီးယား ရုပ်ရှင်သစ် Descendants of the Sun ဟာ တရုတ်နိုင်ငံရဲ့ ရုပ်ရှင်ချစ် ပရိသတ်များအကြားမှာတော့ လတ်တလောမှာ အကျော်ကြားဆုံးသော ရုပ်ရှင်ဖြစ်နေခဲ့ကြောင်း စွန်ပီဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။
အဆိုပါရုပ်ရှင်ကို တောင်ကိုရီးယားနိုင်ငံမှာလည်း ရုပ်သံလိုင်းကနေ တစ်ဆင့်ထုတ်လွှင့်ပြသနေပြီး တစ်ပြိုင်နက်တည်း တရုတ်နိုင်ငံမှာလည်း ထုတ်လွှင့် နေတာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ အွန်လိုင်းဗွီဒီယိုဝက်ဘ်ဆိုက်တစ်ခု ဖြစ်တဲ့ iQiyi ဖေဖော်ဝါရီ ၂၄ရက်မှာ စတင်ထုတ်လွှင့်ခဲ့ရာ ယင်းရုပ်ရှင်ဟာ ထုတ်လွှင့်ပြီး နောက်တစ်နေ့မှာ ကူးယူကြည့်ရှုသူ သန်း ၃ဝကျော်ရှိခဲ့တဲ့အထိ အောင်မြင်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါရုပ်ရှင်ဟာ တရုတ်နိုင်ငံက လူမှုကွန်ရက်မီဒီယာပေါ်မှာလည်း အထူးရေပန်းစားခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၅ရက်က တရုတ်နိုင်ငံရဲ့ မီဒီယာ တစ်ခုဖြစ်တဲ့ ဝီဘိုဝက်ဘ်ဆိုက်ပေါ်မှာ အဆိုပါရုပ်ရှင်ကို ရှာဖွေကြည့်ရှုခဲ့မှုပေါင်း သန်း ၈၇ဝ ခန့် ရှိခဲ့ပါတယ်။ ဒါ့အပြင် ယင်းရုပ်ရှင်ရဲ့ခေါင်းဆောင်မင်းသားနဲ့ မင်းသမီးတွေဖြစ်ကြတဲ့ ဆောင်းဟေကိုနဲ့ ဆောင်ဂျွန်ကီတို့ဟာလည်း လူမှု ကွန်ရက်မီဒီယာတွေပေါ်မှာ ကျော်ကြားလာခဲ့ပါတယ်။
အဆိုပါဒရမ်မာရုပ်ရှင်ဟာ တောင်ကိုရီးယားမှာလည်း ဖေဖော်ဝါရီ ၂၄ ရက်က စတင်ပြီး KBS 2TV က ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တိုင်းထုတ်လွှင့် ပြသလျက်ရှိရာ လတ်တလောထုတ်လွှင့်လျက်ရှိတဲ့ရုပ်ရှင်တွေထဲမှာ ကြည့်ရှုသူ အများဆုံးနဲ့ ပရိသတ်အကြိုက်နှစ်သက်ဆုံးရုပ်ရှင်အဖြစ် ထိပ်ဆုံးကရပ်တည် နေကြောင်း သိရပါတယ်။
"Descendants of the Sun" ဟာ အချစ်ဒရမ်မာရုပ်ရှင်အမျိုးအစား ဖြစ်ပါတယ်။ မွေးရပ်မြေနဲ့ ကွာဝေးလှတဲ့ ရေခြားမြေခြားမှာ တွေ့ဆုံခဲ့ကြတဲ့ စစ်သားတစ်ဦးနဲ့ ဆရာဝန်မလေးတစ်ဦးတို့အကြား ဖြစ်ပေါ်လာတဲ့ သံယောဇဉ် နဲ့ အခက်အခဲတွေကြားက သူတို့ရဲ့အချစ်ခရီးလမ်းကို ကြိုးစားလျှောက်လှမ်း ခဲ့ပုံတွေကို ရိုက်ကူးပုံဖော်ထားပါတယ်။ ယင်းဒရမ်မာရုပ်ရှင်ဟာ မင်းသမီး ဆောင်းဟေကိုရဲ့ ဆယ်စုနှစ်တစ်ခုကျော်မှ ပြန်လည်ရိုက်ကူးဖြစ်ခဲ့တဲ့ ပထမ ဦးဆုံးသော ဒရမ်မာရုပ်ရှင်လည်း ဖြစ်ပါတယ်။
အေးပြည့် - စုစည်းသည်

No comments:

Post a Comment