Monday, February 29, 2016

မကွေးအသင်းနိုင်ပွဲပျောက်ဆုံးမှုရပ်တန့်


သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-ဖိုးသော်ဇင်

ရန်ကုန် ဖေဖော်ဝါရီ ၂၈

၂ဝ၁၆ ရာသီ MNLအမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၈)နောက်ဆုံးနေ့ပွဲစဉ်များ ကို ယနေ့ညနေပိုင်းက ကျင်းပရာ မကွေးအသင်းနိုင်ပွဲပြန်လည်ရရှိခဲ့သည်။

သုဝဏ္ဏကွင်း၌ကျင်းပသောပွဲတွင် မကွေးအသင်းက ဇွဲကပင်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မကွေးအသင်းမှာ ငါးပွဲဆက်နိုင်ပွဲ ပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့ခြင်းဖြစ်ပြီး တတိယမြောက်နိုင်ပွဲရယူနိုင်ခဲ့ သည်။ ခြေစွမ်းပြနေသည့်ဇွဲကပင်အသင်းမှာ မထင်မှတ်ဘဲ ရှုံးပွဲကြုံတွေ့ခဲ့ ခြင်းဖြစ်ပြီး တတိယနေရာ၌ ဆက်လက်ရပ်တည်နေသော်လည်း အောက်မှ အသင်းများနှင့် အမှတ်ကပ်သွားပြီဖြစ်သလို ထိပ်ဆုံးမှ ရတနာပုံအသင်းနှင့် ခြောက်မှတ်အထိ ကွာဟသွားပြီဖြစ်သည်။
မကွေးအသင်းမှာ ရလဒ်ကောင်းပြန်လည်ရရှိရန် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ပြုလုပ်ခဲ့ပြီး ဇွဲကပင်အသင်းမှာ အမာခံကစားသမားအစုံ အလင်ဖြင့် ပွဲထွက်ခဲ့သည်။ ပထမပိုင်းတွင် ခြေစွမ်းပိုင်းအရ ဇွဲကပင်အသင်း အသာရခဲ့ပြီး ဂျပန်တိုက်စစ်မှူး ကင်မ် ဂိုးရနိုင်သည့် အခွင့်အရေးများရခဲ့သော်လည်း အသုံး မချနိုင်ခဲ့၍ နစ်နာခဲ့ရသည်။ မကွေးအသင်းမှာ ဇွဲကပင်နောက်တန်းအမှားကို အခွင့်ကောင်းယူကာ ယှဉ်ပြိုင်ခဲ့ပြီး မိနစ် ၃ဝ ကျော်တွင် နှစ်ဂိုးဆက်ရရှိခဲ့သည်။ မကွေးအတွက် ဂိုးများကို ၃၁ မိနစ်တွင် ထူးထူးအောင်၊ ၃၄ မိနစ်တွင် ဆယ်လာ တို့က သွင်းယူပေးခဲ့သည်။

ဇွဲကပင်အသင်းမှာ ချေပဂိုးရရှိရန်အတွက် မင်းမင်း ထွန်းနှင့် ဇီကိုဗစ်တို့ကိုထည့်ကာ တိုက်စစ်အားမြှင့်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ကစားအားတက်မလာဘဲ ပထမပိုင်းလောက်ပင် ဖိအားပေးနိုင်ခြင်းမရှိတော့ ပေ။ ယင်းအတွက်ကြောင့် ပွဲပြီးခါနီးမှာ ဇွဲကပင်အသင်း ချေပဂိုးတစ်ဂိုးပြန်ရ ခဲ့ပြီး အသင်းခေါင်းဆောင် ဂျူနီယာက သွင်းယူခဲ့ခြင်းဖြစ်သည်။
အခြားပွဲစဉ်တွင် ရခိုင်အသင်းနှင့်ဧရာဝတီအသင်းတို့ ဂိုးမရှိသရေကျသွား သည်။

ဧရာဝတီအသင်းမှာယခုပွဲသရေရလဒ်ကြောင့် တတိယနေရာရယူနိုင် ခွင့်ဆုံးရှုံးခဲ့ရသည်။ ပွဲစဉ်(၈)အပြီးတွင် ရတနာပုံအသင်းကအမှတ် (၂ဝ) ဖြင့် ထိပ်ဆုံးတွင် ဦးဆောင်နေပြီး ဟံသာဝတီအသင်းက ၁၈ မှတ်ဖြင့် ဒုတိယ၊ ဇွဲကပင်အသင်းက ၁၄ မှတ်ဖြင့် တတိယနေရာတို့တွင် ရပ်တည်နေသည်။ လက်ရှိချန်ပီယံရန်ကုန်နှင့် ဧရာဝတီအသင်းတို့က ၁၃ မှတ်စီ၊ မကွေးနှင့်ဇေယျာ ရွှေမြေအသင်းတို့က ၁၂ မှတ်စီ၊ ချင်းယူနိုက်တက်အသင်းက ရှစ်မှတ်၊ ရှမ်း ယူနိုက်တက်နှင့် ရခိုင်ယူနိုက်တက်အသင်းတို့က ခုနစ်မှတ်စီ၊Horizon အသင်း က လေးမှတ်၊Southern အသင်းက နှစ်မှတ်တို့ ရရှိထားသည်။

No comments:

Post a Comment