Monday, February 29, 2016

တတိယအကြိမ် မြန်မာနိုင်ငံစာကြည့်တိုက်မှူးများညီလာခံဖွင့်ပွဲကျင်းပ



ရန်ကုန် ဖေဖော်ဝါရီ ၂၈


ပြန်ကြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာကြည့်တိုက် များ ဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံစာကြည့်တိုက်အသင်း တို့ပူးပေါင်းကျင်းပသည့် တတိယအကြိမ် မြန်မာနိုင်ငံ စာကြည့်တိုက်မှူးများ ညီလာခံဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ရှိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ရုံး(UMFCCI) ၌ ကျင်းပ သည်။


ရှေးဦးစွာ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေး ရှင်း နာယက သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက၂ဝဝ၄ ခုနှစ်မှစတင်ပြီး နိုင်ငံတော်အစိုးရ ၏ သဘောတူပံ့ပိုးကူညီမှုဖြင့် ကျေးရွာစာကြည့်တိုက် စီမံကိန်းကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ အားလုံးက အင်တိုက်အားတိုက်ပါဝင်ပြီး အရှိန်အဟုန် မြင့်မားစွာဖြင့် ဆောင်ရွက်နိုင်ခဲ့၍ ၂ဝဝ၄ မှ ၂ဝဝ၇ ခုနှစ် ထိ လေးနှစ်အတွင်း ကျေးရွာကိုယ့်အားကိုယ့်ကိုး စာကြည့် တိုက် ၅ဝဝဝဝ ကျော် တည်ဆောက်နိုင်ခဲ့ကြောင်း၊ မြေ၊ အဆောက်အအုံ၊ ပရိဘောဂ၊ စာအုပ်စာစောင်များနှင့် ရေဒီယို ၊ တီဗွီ၊ ကွန်ပျူတာ စသည့်ပစ္စည်းများ၏ စုစုပေါင်း တန်ဖိုးမှာ ကျပ် ၁၁ ဒသမ ၉ ဘီလီယံကျော် ရှိခဲ့ကြောင်း၊ လုပ်ငန်းများကို ကူညီပံ့ပိုးမြှင့်တင် ဆောင်ရွက်ပေးနိုင်ရန် မြန်မာနိုင်ငံစာကြည့်တိုက်ဖောင်ဒေးရှင်းကို ၂ဝ၁ဝ ခုနှစ် တွင် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ယခုကဲ့သို့ စာကြည့်တိုက်များ ဆောင်ရွက်သလို ပြောင်းလဲတိုးတက် လာသည့် ပညာ၊ နည်းပညာ ခေတ်နှင့်အညီElectronic Library အဖြစ် ဖွဲ့စည်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် အင်တာနက်များချိတ်ဆက်ပြီး ကွန်ပျူတာမှ တစ်ဆင့် အသိပညာဗဟုသုတများကို မိမိတို့ကျေးရွာ၌ပင် အလွယ်တကူ လေ့လာရယူနိုင်အောင် ကြိုးစားကြရမည် ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့ စာကြည့်တိုက်အချင်းချင်း၊NGO၊ INGO များ၊ နိုင်ငံတကာစာကြည့်တိုက်များနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက် ကြိုးပမ်းကြရမည်ဖြစ် ကြောင်း၊ လူအများ စိတ်ဝင်စား စုဝေးရာနေရာမှတစ်ဆင့် ကျေးရွာ၏ ရပ်ကျိုးရွာကျိုး တိုင်ပင်ဆွေးနွေးရာCommunity Center များဖြစ်လာအောင်လည်း မျှော်မှန်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သိမ်းက စာကြည့်တိုက်မှူးများအနေဖြင့် ညီလာခံ နှစ်ရက်တာကာလအတွင်း စာကြည့်တိုက်လုပ်ငန်းဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များ၏ ဆွေးနွေးပို့ချ ချက်များ၊ စာကြည့်တိုက်မှူးများအချင်းချင်း တွေ့ဆုံ ဖလှယ်မှုမှရရှိသည့် အတွေ့အကြုံများကိုအခြေခံပြီး မိမိတို့ ဒေသ၊ မိမိတို့စာကြည့်တိုက်များအတွက် ပြန်လည်အကျိုး ပြုနိုင်မည်ဟု ယုံကြည်ကြောင်း၊ ထိုအသိအမြင် အတွေ့ အကြုံများကိုအခြေခံပြီး စဉ်ဆက်မပြတ်လေ့လာသင်ယူရင်း မိမိတို့ကျရာကဏ္ဍမှ နိုင်ငံအတွက် အလုပ်အကျွေးပြုနိုင်သူ များ ဖြစ်ကြပါစေဟုဆန္ဒပြုကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်နှင့် မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းဥက္ကဋ္ဌ ဦးသန်းအောင်တို့က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။


ယင်းနောက် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင် ဒေးရှင်းအလုပ်အမှုဆောင် ဦးမောင်မောင်ဦး (ဟိန်းလတ်)က ဆွေးနွေးပွဲခေါင်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။


တတိယအကြိမ် မြန်မာနိုင်ငံစာကြည့်တိုက်မှူးများ ညီလာခံပထမနေ့တွင် ဒေါ်ခင်လေးစိုး(MLA)က ''ပြောင်းလဲ လာသော သတင်းအချက်အလက်ကဏ္ဍ''စာတမ်း၊ ဦးသိန်း လွင်(MLA)က ''၂၁ ရာစု စာကြည့်တိုက်မှူးများ၏ အခန်း ကဏ္ဍ''စာတမ်းနှင့် ဦးရဲထက်ဦး(MLF)က ''လူထုအကျိုးပြု စာကြည့်တိုက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဍ'' စာတမ်းတို့ကိုဖတ်ကြားပြီး အုပ်စုလိုက်ဆွေးနွေးကြသည်။


ညီလာခံဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီခွဲတွင် ဆက်လက်ကျင်းပရာ နံနက်ပိုင်း၌ မြန်မာနိုင်ငံစာကြည့် တိုက်များဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင် ဦးမောင် မောင်ဦး(ဟိန်းလတ်)နှင့် စာကြည့်တိုက်ပညာရှင် ဆရာ မောင်ဦးဇော်အောင်ထွတ်(ကထိက) ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့် သုတပညာဌာနတို့က ''ရည်ညွှန်းလုပ်ငန်း နှင့် မြန်မာ့ရည်ညွှန်းစာအုပ်များ၏ အခန်းကဏ္ဍ''စာတမ်း၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဗဟိုအလုပ် အမှုဆောင် ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)နှင့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဗဟို အလုပ်အမှုဆောင် ဒေါ်ချိုချိုတင် (ဆရာမ မစန္ဒာ)တို့က ''စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်များ၏ အခန်း ကဏ္ဍ''စာတမ်း၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေး ရှင်း ဗဟိုအလုပ်အမှုဆောင် ဒေါ်အိကေသွယ်မင်းနှင့် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်နှင့် သုတပညာဌာနမှ ကထိက ဦးထွန်းအောင်ကျော်တို့က ''ကျောင်းစာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၏အခန်းကဏ္ဍ'' စာတမ်းနှင့် ဗြိတိသျှကောင်စီစာကြည့်တိုက်မှ စာကြည့်တိုက်တာဝန်ခံ ဒေါ်မိုးမိုးစိုးက ''စာကြည့်တိုက်နှင့် ပြည်သူလူထု၏ အခန်း ကဏ္ဍ'' စာတမ်းတို့ကို ဖတ်ကြားဆွေးနွေးကြပြီး မွန်းလွဲ ပိုင်းတွင် ညီလာခံတက်ရောက်လာကြသော စာကြည့်တိုက် မှူးများ အုပ်စု ခုနစ်စုဖွဲ့၍ ဆွေးနွေးခဲ့ကြကာ ညနေပိုင်းတွင် ညီလာခံ၌ ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး စာကြည့်တိုက်ပညာရှင်များက ပြန်လည် သုံးသပ်ဆွေးနွေးခဲ့ကြသည်။


အဆိုပါညီလာခံသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စာပေပညာရှင်များ၊ စာကြည့်တိုက် ပညာရှင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စာကြည့် တိုက်မှူးများ၊ လေ့လာသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ပထမအကြိမ် မြန်မာနိုင်ငံစာကြည့်တိုက်မှူးများ ညီလာခံကို ၂ဝ၁၄ ခုနှစ် မတ်၂၂ ရက်နှင့် ၂၃ ရက်တို့ တွင်လည်းကောင်း၊ ဒုတိယအကြိမ်ညီလာခံကို ၂ဝ၁၅ ခုနှစ် မတ် ၁ ရက်နှင့် ၂ ရက်တို့တွင်လည်းကောင်း ကျင်းပခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနှင့် စံ(၅)ချက်ညီ စာကြည့်တိုက်ပေါင်း ၆၂ဝ၇ တိုက် တိုးတက်ဖွင့်လှစ်နိုင်ခဲ့ ပြီးဖြစ်ကြောင်း သိရသည်။




(ရီရီမြင့်၊ ဥမ္မာသန့်)

No comments:

Post a Comment