Monday, February 29, 2016

ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းရှင်းလင်းရေးဘဏ်အဖြစ် ဆောင်ရွက်ရန် ကမ္ဘောဇဘဏ်နှင့် ရန်ကုန်စတော့အိတ်ချိန်းတို့ လက်မှတ်ရေးထိုး

The Mirror Daily's photo.
ရန်ကုန် ဖေဖော်ဝါရီ ၂၈
မကြာမီ စတင်ဆောင်ရွက်တော့မည့် ရန်ကုန်စတော့ အိတ်ချိန်းတွင် စာရင်းရှင်းလင်းရေးဘဏ်အဖြစ် ကမ္ဘောဇဘဏ်အား မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်က စိစစ်ရွေးချယ်ခဲ့ပြီးနောက် လုပ်ငန်းများ တရားဝင်ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘောဇဘဏ်နှင့် ရန်ကုန်စတော့အိတ်ချိန်းတို့ ဖေဖော် ဝါရီ ၂၈ ရက်က သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းရှင်းလင်းရေး ဘဏ်အဖြစ် ဆောင်ရွက်ရန် လျှောက်လွှာခေါ်ယူခဲ့ရာတွင် ပြည်တွင်းပုဂ္ဂလိကဘဏ် ခြောက်ခု လျှောက်ထားခဲ့ပြီး ယင်းအနက် သတ်မှတ်ချက်စံနှုန်းများနှင့်အညီ ကမ္ဘောဇဘဏ်အား ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် ကမ္ဘောဇဘဏ်သည် ရန်ကုန်စတော့ အိတ်ချိန်းနှင့်ပူးပေါင်း၍ စာရင်းရှင်းလင်းရေး လုပ်ကိုင်ရန် လိုအပ်သော ICT Infrastructure ကို ပူးပေါင်းတည်ထောင် ခဲ့ပြီး ရန်ကုန်စတော့အိတ်ချိန်းနှင့် ဆွေးနွေးညှိနှိုင်းမှုများ၊စမ်း သပ်မှုများကို အဆင့်ဆင့်ပြုလုပ်ကာ နေ့စဉ် စာရင်း ရှင်းလင်းခြင်း၊ ငွေလွှဲပြောင်းခြင်းတွင် လမ်းညွှန်အဖြစ် အသုံးပြုရန် Operation Manual ကို ပူးတွဲရေးဆွဲခဲ့သည်ဟု သိရသည်။ ယင်းအတွက် လုပ်ငန်းများ တရားဝင် လုပ်ဆောင်သွားရန် ကမ္ဘောဇဘဏ်နှင့် ရန်ကုန်စတော့ အိတ်ချိန်းတို့အကြား Business Contract အနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ကမ်းနား လမ်းရှိ KBZ Strand Square Building တွင် သဘောတူ စာချုပ် ချုပ်ဆိုလက်မှတ်ရေးထိုးပွဲကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''ရန်ကုန်စတော့အိတ်ချိန်းရဲ့ လုပ်ငန်းဆောင်တာ တွေဟာ မတ်လထဲမှာ စတင်တော့မှာဖြစ်ပါတယ်။ ရန်ကုန် စတော့အိတ်ချိန်းကို မစတင်မီ ကော်မရှင်ကနေပြီးတော့မှ စတော့အိတ်ချိန်းတိုင်းမှာ လိုအပ်တဲ့ Fund Settlement ပါ။ ဒီမှာ ရောင်းကြ၊ ဝယ်ကြမယ့် ရှယ်ယာတွေအပေါ်မှာ သူတို့ရဲ့ငွေစာရင်းနဲ့ပတ်သက်လို့ လွှဲပြောင်းပေးတာပါ။ Fund Settlement Operation အတွက် ဆောင်ရွက် ပေးဖို့အတွက် နိုင်ငံတိုင်းမှာလည်း Settlement ဘဏ် တစ်ခုလိုအပ်ပါတယ်။ Settlement ဘဏ်တစ်ခုလိုအပ်တဲ့ အတွက်ကြောင့် လွန်ခဲ့တဲ့တစ်နှစ်ခန့်ကစပြီးတော့ ပုဂ္ဂလိက ဘဏ်တွေကို ဖိတ်ခေါ်ခဲ့ပြီးတော့ ကျွန်တော်တို့နဲ့အတူ ဘဏ်ခြောက်ခု လျှောက်ထားခဲ့ပါတယ်။ သတ်မှတ်ထားတဲ့ အချက်အလက်နဲ့အညီ လျှောက်ထားတဲ့အပေါ်မှာ ကော်မရှင်အနေနဲ့ရော ရန်ကုန်စတော့အိတ်ချိန်းအနေနဲ့ ရော အားလုံးစိစစ်တယ်။ အားလုံးကို စိစစ်ပြီးတော့မှ ကမ္ဘောဇဘဏ် ရွေးချယ်ခံရခြင်းဖြစ်ပါတယ်''ဟု ကမ္ဘောဇ ဘဏ်လီမိတက်မှ အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးညိုမြင့်က ရှင်းပြသည်။
စတော့အိတ်ချိန်းအတွက် ငွေစာရင်းရှင်းလင်းရာ တွင် Security လက်လွှဲပြောင်းခြင်း (Security Transfer) အပိုင်းနှင့် ငွေလက်လွှဲပြောင်းခြင်း(Cash Transfer) ဟူ၍ အပိုင်းနှစ်ပိုင်းရှိရာKBZ Fund Settlement Bank သည် (Cash) ငွေလက်လွှဲပြောင်းခြင်း တစ်ခြမ်းသာ တာဝန်ယူ ခြင်းဖြစ်သည်ဟု သိရသည်။ ဘဏ်အနေဖြင့် ငွေချေး သက်သေခံလက်မှတ် ရောင်းဝယ်ရေးကုမ္ပဏီများ (Securities Companies)နှင့် ရန်ကုန်စတော့ အိတ်ချိန်း တို့အကြား စတော့ရှယ်ယာ ရောင်းဝယ်မှု၏ အသားတင် ကျန်ရှိသောငွေပမာဏကို ပေးချေရန်သာလုပ်ဆောင်မည် ဖြစ်ပြီး စတော့ရှယ်ယာရောင်းဝယ်မှုတစ်ခုချင်းစီ၏သတင်း အချက်အလက်များကို သိရှိနိုင်မည်မဟုတ်သည့်အပြင် Securities ကုမ္ပဏီများ၏ ကိုယ်ပိုင် (Proprietary Account) များကို ကိုင်တွယ်ခြင်း၊ ဝန်ဆောင်မှုပေးခြင်း မရှိသည့်အတွက် အရောင်းအဝယ်ဆောင်ရွက်သည့် ကုမ္ပဏီများကို မျက်နှာသာပေးခွဲခြားခြင်းများ ပြုလုပ်မည် မဟုတ်ကြောင်းလည်း သိရသည်။
ကမ္ဘောဇဘဏ်အနေဖြင့် KBZ Strand Square တွင်ရှိသော ဗဟိုစာရင်းရှင်းလင်းရေးဌာန (Central Payment & Settlement Unit) မှသည် မြန်မာတစ် နိုင်ငံလုံးရှိ ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲများနှင့် ချိတ်ဆက်၍ ရန်ကုန်စတော့အိတ်ချိန်းတွင် ရောင်းဝယ်ခွင့်ရှိသော Securities ကုမ္ပဏီများကို တိုက်ရိုက်ဝန်ဆောင်မှုပေးသွားမည်ဟု သိရသည်။
(ဆုနှင်းလဲ့)

No comments:

Post a Comment