Monday, February 29, 2016

ရှေးအကျဆုံးသော ထီလက်မှတ်


The Mirror Daily's photo.
သာစည် ဖေဖော်ဝါရီ ၂၈
မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ရှေးအကျဆုံးသော ထီလက်မှတ် တစ်စောင်အား သာစည်မြို့ အမှတ် (၁) တိုးချဲ့ရပ်ကွက်တွင် နေထိုင်သူ ဦးခင်မောင်ကြည် (စက်မှုလယ်ယာ ဒုတိယဦးစီးမှူး-ငြိမ်း )ထံတွင် အမှတ် တရအဖြစ် သိမ်းဆည်းထားသည်ကို ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရှိခဲ့သည်။
အဆိုပါ ထီလက်မှတ်တွင် ပထမ မျက်နှာ၏အလယ်တွင် ကဒေါင်း တံဆိပ်ပုံပါရှိပြီး ကဒေါင်းတံဆိပ်၏ အပေါ်တွင် '' ထီ '' ဟုလည်းကောင်း၊ ထီစာလုံး၏အပေါ်တွင် STATE LOTTERY ဟု အင်္ဂလိပ်စာတန်း ပါရှိပြီး ယင်းစာတန်း၏အထက်တွင် မြန်မာနိုင်ငံတော်အစိုးရဟု လည်းကောင်း၊ ၄င်း၏အပေါ်တွင် GOVERNMENT OF BURMA ဟု ပါရှိသည်။ ထို့ပြင် ကဒေါင်းတံဆိပ်၏ ညာဘက်တွင် မြန်မာလို ငွေ- ၂ိ၊ ၁၃ဝဝ ခုနှစ် ပဋ္ဌမအကြိမ်၊ လက်မှတ် နံပါတ် – ဃ ဝ၈၇၅၄၅ ဟု ဖော်ပြပြီး ဝဲဘက်ထောင့်တွင် Rs.2 FIRST SERIES 1938 – TICKET NO.D - 087545 ဟု အင်္ဂလိပ်လို ဖော်ပြထား သည့်အပြင် ကဒေါင်းတံဆိပ်၏ အောက်တွင် မြန်မာလို '' အတိတ်'' ဟု ရေးထားပြီး အင်္ဂလိပ်လို NOM DE PLUME ဟု လည်းကောင်း၊ ညာဘက်ထောင့်တွင် တာဝန်ခံထုတ် ပေးသူ၏ လက်မှတ်နှင့် အင်္ဂလိပ်လို SECRETARY FINANCE DEPT- ဟုပါရှိသည်ကို တွေ့ရသည်။ ထီလက်မှတ်၏ နောက်ကျောဘက်တွင် အင်္ဂလိပ်လို၊ မြန်မာလို ထီနှင့် ပတ်သက်သည့် ထီပိတ်ရက်နှင့် ထီဖွင့် ရက်များအပါအဝင် စည်းကမ်းချက် များကိုလည်း အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ရေးသားဖော်ပြထား သည်ကို တွေ့ရသည်။
''ကျွန်တော် ဒီထီလက်မှတ်ကို အမှတ်တရအဖြစ် သိမ်းဆည်းထားတာ ကြာပါပြီ။ ကျွန်တော့်ဘကြီးတွေ ထိုးခဲ့တဲ့ ထီလက်မှတ်ပါ။ ထီလက်မှတ် စတင်ထုတ်ဝေတဲ့ ခုနှစ်က ၁၉၃၈ ခုနှစ်ဆိုတော့ အခုဆိုရင် ၇၈ နှစ် လောက်ရှိသွားပါပြီ။ ဟိုတုန်းအခါက အုပ်ချုပ်ခဲ့တဲ့အစိုးရက ထုတ်ဝေခဲ့တဲ့ ထီလက်မှတ်တစ်စောင်ရဲ့ တန်ဖိုးငွေ က နှစ်ကျပ်ဆိုတာ ခုခေတ်ကလေးတွေ ကိုပြရင် ရယ်ကြတယ်။ ဟိုတုန်းက ငွေနှစ်ကျပ်ရဲ့ တန်ဖိုးကို ခုခေတ် ကလေးတွေ မသိကြဘူး။ ဒီထီလက်မှတ်က နောင်မှာ မြန်မာနိုင်ငံရဲ့ ထီသမိုင်းကြောင်းကို ပြုစုတဲ့အခါကျရင် အထောက်အကူတစ်ခု ဖြစ်နိုင်တယ်လို့ ယုံကြည်မှုနဲ့ ကျွန်တော် သိမ်းဆည်းထားတာပါ။ လေ့လာလိုသူတွေ လာရောက်လေ့လာ နိုင်ပါတယ်''ဟု ထီလက်မှတ်ပိုင်ရှင် ဦးခင်မောင်ကြည်က ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ရှေးဟောင်း ပစ္စည်းများ ရှာဖွေထိန်းသိမ်းသူများ ရှိသကဲ့သို့ မြန်မာနိုင်ငံထုတ် ခေတ်အဆက်ဆက် တံဆိပ်ခေါင်းများနှင့် ထီလက်မှတ်များကို ရှာဖွေသိမ်းဆည်း သူများလည်း ရှိနေသေးကြောင်း ဦးခင်မောင်ကြည်က ဆက်လက် ပြောပြသည်။
မောင်ကို(သာစည်)

No comments:

Post a Comment