Monday, February 1, 2016

ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသား ကျောင်းသူများအား ဗီယက်နမ် BIDV ဘဏ်မှ စတုတ္ထအကြိမ်မြောက် ပညာသင်ဆုပေးအပ်


The Mirror Daily's photo.
ရန်ကုန် ဇန်နဝါရီ ၃၁
ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများအား မြန်မာနိုင်ငံတွင် လာရောက် ဆောင်ရွက်နေသောဘဏ်များမှ ပညာသင်ဆုများ ပေးအပ်လျက်ရှိရာတွင် ဗီယက်နမ်နိုင်ငံ၊BIDV(Bank For Investment and Development of Vietnam) ဘဏ်မှ စတုတ္ထအကြိမ်မြောက်အဖြစ် ပညာသင်ဆုများ ပေးအပ်ခဲ့ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ သိရသည်။
BIDV ဘဏ်မှ ပညာသင်ဆု ပေးအပ်ခြင်းမှာ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူများအား ပညာသင်ဆုများ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး တစ်ဦးလျှင် အမေရိကန်ဒေါ်လာ၁ဝဝနှုန်းဖြင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁ဝဝ အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
''နိုင်ငံတကာနဲ့ပူးပေါင်းပြီးတော့ မာစတာပရိုဂရမ် တွေ၊ ပညာတော်သင်တွေ၊ စကောလားရှစ်တွေကိုလည်းပဲ ကျောင်းသား ကျောင်းသူတွေရော ဆရာ ဆရာမတွေပါ လွှတ်ပြီးတော့ ပညာရေးပြုပြင်ပြောင်းလဲမှု အနေနဲ့၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်ထားတာရှိပါတယ်။ နိုင်ငံတကာနဲ့ချိတ်ဆက် ထားတဲ့တက္ကသိုလ် ၂၉ ခုရှိပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ဘဏ်တွေ တော်တော်များများက စကောလားရှစ်ပေးထားပါတယ်။ ဂျပန်ကနေလည်း ကျောင်းသူလေးဦး စကောလားရှစ်ရပါတယ်။ ချင်းမိုင် တက္ကသိုလ်နဲ့လည်း မာစတာပရိုဂရမ်တွေ ဖွင့်ထားသလို ဟိုမှာသွားပြီးတက်ဖို့ စီစဉ်ထားပြီး ဂုဏ်ထူးတန်းက ကျောင်းသား ကျောင်းသူတွေ မာစတာဘွဲ့ယူဖို့ တက်နေပါ တယ်။ Ph.D ပရိုဂရမ်တွေအတွက် ဘန်ကောက်မှာ သွားတက်နေတဲ့ ဆရာ ဆရာမတွေလည်း ရှိပါတယ်''ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ဒေါ်ခင်နိုင်ဦးက ပြောသည်။
အဆိုပါ ပညာသင်ဆု ပေးအပ်ချီးမြှင့်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီးH.E Mr. Pham Thonh Dung ၊ BIDVဘဏ်မှ Chief of Representative Mr. Ngo Duy Viet နှင့် ရန်ကုန် စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဒေါ်ခင်နိုင်ဦး၊ ဒုတိယပါမောကချုပ် ဒေါက်တာထွန်းအောင်၊ နိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူနှင့် ပညာသင်ဆုရ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(ဝဝ၁)

No comments:

Post a Comment