Friday, January 1, 2016

ဓာတ်ဆီအရောင်းဆိုင်များအနေဖြင့် နှာခေါင်းစွပ်(mask)များကို မမေ့မလျော့အသုံးပြုသင့်





မကွေး ဒီဇင်ဘာ ၃၁


မကွေးတိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကဓာတ်ဆီဆိုင်အချို့တွင် ဓာတ်ဆီ ရောင်းချသည့် ဝန်ထမ်းများမှာ လုပ်ငန်းခွင်အတွင်း ဓာတ်ဆီအငွေ့ကို တိုက်ရိုက်မရှူရှိုက်နိုင်သော နှာခေါင်း စွပ်(mask)များကို တပ်ဆင်မှုနည်းပါး သဖြင့် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများ ခံစားရမည်ကို စိုးရိမ်ဖွယ်ရာ ရှိကြောင်း မကွေးမြို့ခံ ဆရာဝန် တစ်ဦးက ပြောသည်။


''ပုဂ္ဂလိက ဓာတ်ဆီအရောင်းဆိုင်၊ ပန့်ဆိုင်တွေက အရောင်းဝန်ထမ်းတွေ အနေနဲ့ လုပ်ငန်းခွင်အတွင်း ဓာတ်ဆီ ဖြည့်ချိန်မှာ နှာခေါင်းစွပ် (mask)တွေကို မမေ့မလျော့ တပ်ဆင်ထား သင့်တယ်။ ဆိုင်ရှင်တွေကလည်း ဒါကို စည်းကမ်းတစ်ရပ်အနေနဲ့ တင်းတင်းကျပ်ကျပ် သတ်မှတ်ဆောင် ရွက်သင့်တယ်။



ဓာတ်ဆီအငွေ့၊ အဓိက အားဖြင့် (Octane) အငွေ့တွေကို နေ့စဉ် ရှူရှိုက်မှုများလာရင် အာရုံကြော ရောင်တဲ့ ရောဂါဖြစ်နိုင်တယ်။ ဦးနှောက်နဲ့အာရုံကြောတွေ ပျက်စီး နိုင်တဲ့အထိဖြစ်နိုင်တယ်။ အထူးသဖြင့် ခေါင်းကိုက်၊ ခေါင်းမူး၊ မအီမသာဖြစ် တာတွေခံစားရပြီး အကိုက်အခဲပျောက် ဆေးတွေသောက်လည်း မထူးတာ မျိုးတွေ ဖြစ်လာတတ်တယ်''ဟု ၄င်း က ဆက်လက်ပြောပြသည်။


မကွေးတိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးလာ သည်နှင့်အမျှ အဝေးပြေးလမ်းမကြီးများတစ်လျှောက်တွင် ပုဂ္ဂလိက ဓာတ်ဆီဆိုင်များ အများအပြားဖွင့် လှစ်လာပြီး ဒေသခံများ အလုပ် အကိုင်အခွင့်အလမ်း ပွင့်လင်းလာ သည်မှာ မှန်သော်လည်း ကျန်းမာရေး အသိ၊ ကျန်းမာရေးသတိများ နည်းပါး နေသေးကြောင်း၊ အဆိုပါ ဓာတ်ဆီ ဆိုင်များအနေဖြင့် အရောင်းဝန်ထမ်း များ၏ ကျန်းမာရေးအတွက် ဓာတ်ဆီဖြည့် လုပ်ငန်းခွင်အတွင်း နှာခေါင်းစွပ် (mask)များ တပ်ဆင် ခြင်းကို လိုက်နာကျင့်သုံးစေရန် လုပ်ငန်းစည်းကမ်းတစ်ရပ်အနေဖြင့် ကြပ်မတ်ဆောင်ရွက်သင့်ပါကြောင်းသိရသည်။



ကျော်စွာ(မကွေး)

No comments:

Post a Comment