Sunday, January 31, 2016

ထိပ်ဆုံးမှ ရတနာပုံအသင်းနိုင်ပွဲဆက်


The Mirror Daily's photo.
ရန်ကုန် ဇန်နဝါရီ ၃ဝ
၂ဝ၁၆ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၄)ဒုတိယနေ့ပွဲစဉ်များကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပသည်။
(ဗထူးကွင်း)
ရတနာပုံ - နှစ်ဂိုး၊ ရခိုင် - ဂိုးမရှိ
နည်းပြရီနေး၏ ဒုတိယမြောက်ရာသီတွင် ရတနာပုံအသင်း ပုံစံကောင်း ရနေပြီး အိမ်ကွင်း၌ နိုင်ပွဲထပ်မံရယူကာ ဇယားထိပ်ဆုံး၌ ဆက်လက်ဦးဆောင် နိုင်ခဲ့သည်။ ရတနာပုံအသင်းမှာ လေးပွဲကစားအပြီးတွင် သုံးပွဲနိုင်၊ တစ်ပွဲ သရေဖြင့် ၁ဝ မှတ်ရယူထားနိုင်ခြင်းဖြစ်ပြီး ရခိုင်အသင်းမှာ ဒုတိယမြောက်ရှုံးပွဲ နှင့်ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
ရတနာပုံအသင်းမှာ ပုံမှန်ခြေစွမ်းပြနေသည့် ဝါရင့်ကစားသမားရန်ပိုင်ကို ပွဲထွက်လူစာရင်းတွင် ဆက်လက်အသုံးပြုခဲ့ပြီး အမာခံကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့သည်။ ရခိုင်အသင်းမှာ လူစုံအသုံးပြုပြီး အဝေးကွင်း တွင် အမှတ်ရရန်ကြိုးပမ်းခဲ့ရာ ရတနာပုံအသင်း အိမ်ကွင်းတွင် ရုန်းကန်ခဲ့ရသည်။ ၂၉ မိနစ်တွင် ရတနာပုံအသင်း ပယ်နယ်တီရခဲ့ပြီး တိုက်စစ်မှူး မာတူနာက အမှားအယွင်းမရှိ သွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် ရတနာပုံအသင်း ကစားပုံပိုကောင်းလာပြီး တစ်မိနစ်အကြာတွင် ဝင်းနိုင်စိုးက ဒုတိယဂိုး ထပ်မံသွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် ရခိုင်အသင်းမှာ ချေပဂိုးရရှိရန် တိုက်စစ်အား မြှင့်လာခဲ့ပြီး ရတနာပုံအသင်းဘက်သို့ ဖိအားပေးနိုင်ခဲ့သည်။ ရတနာပုံနောက်တန်းအမှားအယွင်းမရှိခဲ့သလို ရခိုင်တိုက်စစ်မှာလည်း အားနည်းချက်များရှိခဲ့၍ ချေပဂိုးပြန်မရခဲ့ပေ။ ရတနာပုံအသင်းမှာ ဂိုးထပ်မံမသွင်းနိုင်သော်လည်း အနိုင်ရလဒ်ကိုထိန်းကာ တတိယမြောက် နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဇွဲကပင်အသင်းမှာ တန်းတက် Southern အသင်းကို အောင်မိုး၊ ကင်မ်နှင့် ဇီကိုမစ်တို့သွင်းယူသည့်ဂိုးများဖြင့် သုံးဂိုးပြတ် အနိုင်ရရှိခဲ့သည်။ ဟံသာဝတီအသင်းမှာ ပွဲပြီးခါနီးတွင် သွင်းယူသည့်ဂိုးဖြင့် ချင်းယူနိုက်တက်ကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယခုပွဲအပြီးတွင် ရတနာပုံအသင်းနှင့် ဟံသာဝတီအသင်းတို့က ၁ဝ မှတ်စီ၊ ဇွဲကပင်အသင်းက ကိုးမှတ်တို့ရရှိထားသည်။
ယနေ့ပွဲ
(မုံရွာကွင်း) ဇေယျာရွှေမြေ - ရှမ်းယူနိုက်တက်
(သုဝဏ္ဏကွင်း) မကွေး - Horizon
(သတင်းနှင့်ဓာတ်ပုံ-ရှိုင်းထက်ဇော်)

No comments:

Post a Comment