Tuesday, January 12, 2016

ဓာတ်ရောင်ခြည်သင့်ရောက်ခံရမှု ရှိ၊ မရှိ နယ်စပ်ဒေသ၌ တရုတ်နိုင်ငံစောင့်ကြည့်



The Mirror Daily's photo.


ပေကျင်း ဇန်နဝါရီ ၁၁

မြောက်ကိုရီးယားနိုင်ငံက လွန်ခဲ့သည့် ရက်သတ္တပတ်တွင် စတုတ္ထအကြိမ် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် နယ်စပ်ဒေသတစ်လျှောက်၌ နေထိုင်သူ လူ ၅ဝဝ ကျော်ကို ဓာတ်ရောင်ခြည်ဘေး အန္တရာယ် သင့်ရောက်ခံရခြင်း ရှိ၊ မရှိ ၂၄ နာရီမပြတ် လေ့လာစောင့်ကြည့်နေကြောင်း တရုတ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တစ်ရပ်တွင် ဖော်ပြသည်။

ဇန်နဝါရီ ၆ ရက်က မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုကြောင့် ယင်းနိုင်ငံ၏ မဟာမိတ် တရုတ်နိုင်ငံကရော၊ အမေရိကန် ပြည်ထောင်စုကပါ ဝေဖန်ပြောကြားခဲ့ကြသည်။ မြောက်ကိုရီးယားသည် ယင်းစမ်းသပ်မှု ပြုလုပ်ခြင်းမရှိမီ တရုတ်နိုင်ငံအား ကြိုတင်အသိပေးခဲ့ခြင်းမရှိဟုဆိုသည်။

မြောက်ကိုရီးယားနိုင်ငံက ဟိုက်ဒရိုဂျင် ဗုံးစမ်းသပ်ဖောက်ခွဲခဲ့သည်ဆိုသော ပြောဆိုချက်နှင့်ပတ်သက်၍ အမေရိကန်အစိုးရအဖွဲ့နှင့် လက်နက်ပါရဂူများက ဆန်းစစ်လေ့လာလျက်ရှိကြသည်။

နျူကလီးယားစမ်းသပ်မှုကြောင့် ဓာတ်ရောင်ခြည်ဘေးအန္တရာယ် တွေ့ကြုံခံစားရခြင်းမှ ဒေသခံပြည်သူ ၅ဝဝ ကျော်တို့အား ကင်းဝေးစေရန် တရုတ်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက အချိန်မလပ် လေ့လာစောင့်ကြည့်နေကြောင်း၊ သို့ရာတွင် ယခုအချိန်အထိ ဓာတ်ရောင်ခြည်သင့်ခံရသည့် ထူးခြားဖြစ်စဉ် မတွေ့ရသေးကြောင်း သတင်းတွင် ဖော်ပြသည်။

ဓာတ်ရောင်ခြည် တိုင်းတာရေး စခန်း ၃၇ ခု၊ ရွှေ့ပြောင်းနိုင်သော တိုင်းတာရေး စခန်း ၁၄ ခု အသုံးပြုကာ လေ့လာစောင့်ကြည့်လျက်ရှိသည်။ နယ်စပ်ရှိ လမ်းတစ်လမ်းအတိုင်း ဓာတ်ရောင်ခြည်တိုင်းတာရေး မော်တော်ယာဉ်တစ်စီး မောင်းနှင်သွားပုံကို ရုပ်မြင်သံကြား ဌာနက ထုတ်လွှင့်ပြသခဲ့သည်။
ရိုက်တာ။

No comments:

Post a Comment