Friday, January 1, 2016

ချစ်လှစွာသောအမုန်းဇာတ်ကား ရုံတင်ပြသ




ဒီတစ်ပတ်ရဲ့ ကြေးမုံရုပ်ရှင်အညွှန်း ကဏ္ဍမှာ ပြည်သူတွေ စိတ်ဝင်စား နေကြတဲ့ ချစ်လှစွာသောအမုန်း ဇာတ်ကားရဲ့ အမြည်းလေးကို မိတ်ဆက်တင်ပြပေးပါ့မယ်။


စိတ်ဝင်စားစရာကောင်းတဲ့ ချစ်လှ စွာသောအမုန်း ဇာတ်ကားဟာ ပုညခင်ရဲ့ ဝတ္ထုကို ဇာတ်ညွှန်းနှင့် ဒါရိုက်တာအဖြစ် ပုံဖော်ဖန်တီးသူ အဖြစ် ဒါရိုက်တာဝိုင်းက ပုံဖော်ထား ပြီးတော့ အဓိက ဇာတ်ဆောင်တွေ ကတော့ အောင်ရဲလင်း၊ သက်မွန်မြင့် နဲ့ ဝတ်မှုံရွှေရည်တို့ပဲဖြစ်ပါတယ်။


ထုတ်ကုန်သွင်းကုန် ကုမ္ပဏီ ပိုင်ရှင်တစ်ဦးဖြစ်ပြီး မုဆိုးဖိုတစ်ဦး လည်းဖြစ်သူ ဦးတိုးမင်းမှာ မိုးစက်မေဆိုတဲ့ အသက် ၂၅ နှစ် အရွယ် သမီးလေးတစ်ဦးရှိတယ်။ မိုးစက်မေ တစ်ဖက်သတ်ရင်ခုန် နေရသူကတော့ သူ့ရဲ့ငယ်သူငယ်ချင်း ဂါမဏီပါ။


တစ်ရက်မှာတော့ ဦးတိုးမင်း နယ်ကပြန်လာပြီး 'အမုန်း'လို့ခေါ်တဲ့ အမျိုးသမီးငယ်လေးကို နောက်မိန်းမ အဖြစ် မိသားစုအတွင်း ခေါ်ဆောင် လာခဲ့ပါတယ်။ 'အမုန်း'ဟာ သမီး ဖြစ်သူ မိုးစက်မေထက် အသက် လေးငါးနှစ်သာငယ်နေပြီး မိထွေးအား ပညာပြရန် မိုးစက်မေနှင့် အဒေါ် ဖြစ်သူတို့ ကြံစည်ကြပါတယ်။ အဲဒီလို ပညာပြကြတဲ့အခါမှ အမုန်းဟာ လူ့လောကအကြောင်း ဘာမှ နားမလည်တဲ့ မိန်းကလေးတစ်ဦး ဖြစ်နေတာကို သိလိုက်ရတာမို့ တဖြည်းဖြည်း သံယောဇဉ်ဖြစ်လာ ခဲ့ပါတယ်။


အဲဒီနောက် နောက်ထပ်မိန်းမ ထပ်ရှုပ်သူ ဦးတိုးမင်းကိုလည်း သမီး ဖြစ်သူက အမုန်းဘက်ကနေ ရပ်တည် ပေးခဲ့ပါတယ်။ အဲဒီလိုနဲ့ ဦးတိုးမင်းက 'အမုန်း'ကို ဗန်ကောက်သွားမည်ဟု ဆိုကာ ရန်ကုန်မြို့ရှိ တိုက်ခန်း တစ်ခန်းတွင် ထားရှိရင်း 'အမုန်း'၊ မိုးစက်မေနှင့် ဂါမဏီတို့၏ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း၏ အဆုံးသတ်ကို ရင်သပ်ရှုမောဖွယ် ဆက်လက်ရှုစား ကြရမှာဖြစ်ပါတယ်။


ဒီဇာတ်ကားကို သွင်၊ ရှေ့ဆောင်၊ မင်္ဂလာစံပြ၊ မင်္ဂလာဝဇီရာ (လှိုင်သာယာ)၊ မြို့မရုံနှင့် မင်္ဂလာထွန်း သီရိရုပ်ရှင်ရုံတို့တွင် ဇန်နဝါရီ ၁ ရက် မှစတင်ကာ ပြသသွားမှာ ဖြစ် ပါတယ်။ သမ္မတရုံမှာတော့ ဇာတ်ကား ဟောင်းဖြစ်တဲ့ ရည်းစားဦး ဇာတ်ကားကိုပဲ ဆက်လက်ရုံတင်ပြ သမှာပါ။


ဒါ့အပြင် နိုင်ငံခြားကားသစ်တွေ အနေနဲ့က Mojin: The Lost Legend (3D) ဇာတ်ကားနဲ့Point Break (3D) ဇာတ်ကားတို့ကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။


ဖြိုးစန္ဒာမြင့်-စုစည်းသည်။

No comments:

Post a Comment