Saturday, January 2, 2016

မြိတ်မြို့ ဧရာနဒီလွန်းကျင်းတွင် လှေနှစ်စင်း မီးလောင်


The Mirror Daily's photo.
မြိတ် ဇန်နဝါရီ ၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ စန္ဒဝတ်ကျေးရွာအုပ်စု ချမ်းမြေ့သာရီရပ်ကွက် ဧရာနဒီလွန်းကျင်း၌ ဒီဇင်ဘာ ၃၁ ရက် ညနေ ၄ နာရီ ၁ဝ မိနစ်ခန့်က လှေဒေါက်တင်ပြုပြင်လျက်ရှိသော အလျား ပေ ၈ဝ၊ အနံ ၂၃ ပေ၊ ရေစူး ပေ ၂ဝ ရှိ ထက်ထက်ပိုင် ငါးကဲ့လှေအား ကာပြင်ကွေးရန် ဂတ်စ်အိုးဖြင့်အပူပေးရာမှ အနီးရှိ အမှိုက်များပေါ်သို့ မီးပွားကျပြီး ယိုစိမ့်နေသော ဆီများသို့ မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်အေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦးနှင့် ခရိုင်မီးသတ် ဦးစီးမှူး ဦးဇော်ဝင်းနှင့်အဖွဲ့၊ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်သုံးစီး၊ ရေသယ်ယာဉ်သုံးစီး၊ အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ် ယာဉ်ခြောက်စီး၊ ရေသယ်ယာဉ် ငါးစီး၊ တပ်မတော်မှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် သုံးစီး စုစုပေါင်း မီးငြှိမ်းသတ်ယာဉ် ၂၁ စီးဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ရပ်ကွက်နေ ပြည်သူများက စုပေါင်းငြှိမ်းသတ်ခဲ့ကြရာ ညနေ ၅ နာရီ ၅ မိနစ်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ၅ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် ထက်ထက်ပိုင် ငါးကဲ့လှေနှင့် တိုးတက်အောင် ငါးကဲ့လှေတို့၏ လှေပေါင်းမိုးနှင့် လှေအတွင်းပိုင်း မီးလောင်ကျွမ်းကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မြိတ်မြို့နယ်ရဲတပ်ဖွဲ့စခန်းက အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)

No comments:

Post a Comment