Wednesday, January 13, 2016

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



 

လူတိုင်းအသိစိတ်ဓာတ်ဖြင့် မီးဘေးကာကွယ်

မီးဘေးအန္တရာယ်သည် အခြားသောသဘာဝဘေးများထက် ကာကွယ်တားဆီးရန်  အခွင့်အလမ်းများစွာရှိနေ၍   လူတိုင်း အသိစိတ်ဓာတ်ဖြင့် ကြိုတင်ကာကွယ်သွားလျှင် လုံးဝအန္တရာယ် မဖြစ်ပွားအောင် တားဆီးနိုင်စွမ်းအပြည့်အဝရှိသည်။ အခြားသော သဘာဝဘေးများဖြစ်ကြသည့် ရေဘေး၊ လေဘေး၊ ငလျင်ဘေးတို့မှာမူ ကြိုတင်ကာကွယ်နိုင်သည်ဆိုသော်လည်း   အထိုက်အလျောက် ဘေးအန္တရာယ်မှ လျော့ပါးသက်သာအောင်သာ ဆောင်ရွက်နိုင်စွမ်း ရှိသည်။
မီးဘေးမှာထိုသို့မဟုတ်ပေ။ လုံးဝမီးမလောင်အောင် တားဆီးနိုင် စွမ်းရှိသည်။ ကာကွယ်တားဆီးနိုင်စွမ်းရှိပါလျက်နှင့် မီးလောင် မှုများ  ဖြစ်ပွားနေခြင်းမှာ ကြိုတင်ကာကွယ်မှုများ မပြုလုပ်ကြ သည့်အပြင် ပေါ့ပေါ့ဆဆလုပ်နေကြ၍သာ မီးလောင်မှုများဖြစ်ပွား နေခြင်းဖြစ်သည်။ မည်သည့်မီးလောင်မှုမဆို လူ၏ ပေါ့ဆမှုကြောင့် သာဖြစ်သည်။ မီးတကာမီးတွင် ပေါ့ဆမီးသည်အများဆုံးသော လောင်ကျွမ်းမှုဖြစ်သည်။ နှစ်စဉ် မီးသတ်ဦးစီးဌာနကထုတ်ပြန် ချက်များအရ ပေါ့ဆမီးလောင်ကျွမ်းမှုသည် အများဆုံးဖြစ်သည်။ ဇန်နဝါရီ ၉ ရက်က မင်္ဂလာဈေးမီးလောင်မှုအပြီး နှစ်ရက်အကြာ စမ်းချောင်းမြို့နယ်တွင်  အဆင့်လေးရှိ  မီးလောင်မှုဖြစ်ပွားခဲ့ ပြန်သည်။ မီးကိုဂရုတစိုက်သုံးစွဲမှုမရှိခြင်း၊ အိမ်တွင်းလျှပ်စစ်သုံးစွဲမှု အပေါ် စစ်ဆေးမှု မရှိခြင်း၊ မီးအတက်အကျ မှန်ကန်မှုမရှိခြင်းတို့ကြောင့် မြို့ပြများတွင်   မီးလောင်မှုများ   မကြာခဏဖြစ်ပွားလျက်ရှိ သည်။
မီးလောင်မှုမဖြစ်ပွားအောင် တားဆီးရန်မှာ လူတစ်ဦးတစ်ယောက်၊ တစ်အိမ်ထောင်တည်းဖြင့် လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ လမ်း အလိုက်၊  ရပ်ကွက်အလိုက်၊  မြို့နယ်နှင့်ကျေးရွာများအလိုက် မီးဘေးကြိုတင်ကာကွယ်ရေးတွင်  ကိုယ်စီအသိစိတ်ဓာတ်ဖြင့်  မီး လုံးဝမလောင်အောင် လုပ်ဆောင်ပါမည်ဟူသော အသိစိတ်ရှိကြ ဖို့လိုသည်။ ရပ်ကွက်နှင့်ကျေးရွာများအလိုက် မီးဘေးကြိုတင် ကာကွယ်ရေးအဖွဲ့များဖွဲ့စည်းကာ  နေ့စဉ်နှင့်အမျှ  မီးဘေးအသိပေး နှိုးဆော်မှုများ အရှိန်မြှင့်တင်လုပ်ဆောင်ရန် လိုအပ်လာသည်။
ပြီးခဲ့သည့်  မင်္ဂလာဈေးမီးလောင်မှုကို   ကြည့်ခြင်းအားဖြင့် အများနှင့်သက်ဆိုင်သော  ဈေးများ၊  ကျောင်းများ၊  ရုံးများ၊ ဆေးရုံများတွင်လည်း  မီးဘေးကာကွယ်ရေးကို  တင်းကျပ်စွာ လုပ်ဆောင်သွားရန်  လိုအပ်လာသည်။ အများနှင့်သက်ဆိုင်သော အဆောက်အအုံများသည် လူနေအိမ်များနှင့်နှိုင်းစာလျှင် မီးဘေး တာဝန်ယူတာဝန်ခံမှုအားနည်းသည်။ ဈေးကြီးများသည် လူအများစု ရောင်းဝယ်ဖောက်ကား  သွားလာရာနေရာဖြစ်၍  မီးလောင်မှုကို စောစီးစွာသိရှိနိုင်သော  စောင့်ကြည့်အချက်ပေးစနစ်များတီထွင် တပ်ဆင်အသုံးပြုသင့်သည်။ အလိုအလျောက် မီးငြှိမ်းသတ်ရေး ကိရိယာများ တပ်ဆင်ပေးထားသင့်သည်။ အဆိုပါ ကိရိယာများ အမှန်တကယ် အလုပ်လုပ်နေခြင်းရှိ မရှိကိုလည်း ပုံမှန်စစ်ဆေးပေးရန် လိုသည်။ သို့ဖြစ်၍ မီးလောင်မှုများထပ်မံမဖြစ်ပွားစေရေး မီးဘေး ကြိုတင်ကာကွယ်ရေး  အစီအမံများချမှတ်လျက်နေရာတိုင်းတွင်  လူတိုင်းလူတိုင်းက အသိစိတ်ဓာတ်ကိုယ်စီဖြင့်  မီးလောင်မှုမ ဖြစ်ပွားအောင်ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမည်  ဖြစ်ပါ ကြောင်း။   ။

No comments:

Post a Comment