ရန်ကုန် ဇန်နဝါရီ ၂၉
မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ် နိုင်ငံအဆင့် နည်းဗျူဟာရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီက ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း၊ ပညာရေးဝန်ကြီးဌာနမှ ပုဂ္ဂိုလ်များ၊ ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်နှင့် အာရှ-ပစိဖိတ်ဒေသ ကင်းထောက်အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များဖြစ်သည့် Mr. Neville Tomkins ,Mr. S.Prassanna Shrivastava, Mr. Uzair Kamal မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် ကင်းထောက်ချုပ် ဒေါက်တာ ဦးတင်ညို၊ အမျိုးသမီးကင်းထောက်ချုပ် ဒေါက်တာ ဒေါ်တင်လှကြည်နှင့် ကင်းထောက်ကြီးများ၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင် သန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ အလုပ်ရုံဆွေးနွေးပွဲ သင်တန်းသားများ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲ၌ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ပြောကြားရာတွင် ၁၉၁၆ ခုနှစ်လောက်က စတင်ဖွဲ့စည်းလှုပ်ရှားခဲ့သည့် မြန်မာ့ ကင်းထောက် လုပ်ငန်းစဉ်များသည် ၁၉၆၄ ခုနှစ်မှာ ရပ်ဆိုင်းခဲ့ပြီး ၄၈ နှစ်အကြာမှာ မြန်မာနိုင်ငံ၏ကင်းထောက် လုပ်ငန်းစဉ်များကို နိုင်ငံတော်သမ္မတကြီး၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ၂ဝ၁၂ ခုနှစ်တွင် ပြန်လည် စတင်ဖွဲ့စည်းလှုပ်ရှားနိုင် ခဲ့ပါကြောင်း၊ ထို့ကြောင့် မြန်မာ့ ကင်းထောက်သမိုင်းအရ မြန်မာ နိုင်ငံဟာ လူငယ်များတက်ကြွစွာ စွမ်းဆောင်နိုင်ခဲ့သည့် ကင်းထောက် လုပ်ငန်းဖြစ်စဉ်သမိုင်းမှာ နှစ်(၁ဝဝ) တိုင်ပြီးလို့ ဂုဏ်ယူနိုင်ပါကြောင်း။
မြန်မာနိုင်ငံ ကင်းထောက် လုပ်ငန်းစဉ်များအနက် ''အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက် အဖွဲ့နှင့် ကမ္ဘာ့ကင်းထောက်အဖွဲ့''၏ ကူညီထောက်ပံ့မှုဖြင့် ကမ္ဘာ့ကင်း ထောက်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် နိုင်ငံတကာဝန်းကျင်၌ ရှင်သန် လှုပ်ရှားနိုင်မှု၏ အဓိကလိုအပ်ချက် တစ်ရပ်ဖြစ်သည့် ''မြန်မာနိုင်ငံ အမျိုးသားကင်းထောက်နှင့် အမျိုး သမီးကင်းထောက်ဖွဲ့စည်းပုံ စည်းမျဉ်း စည်းကမ်း''ကို ပြုစုရေးဆွဲနိုင်ခဲ့ပြီး ဖြစ်ရုံမက နိုင်ငံတော်အစိုးရအဖွဲ့ ကလည်း အတည်ပြုပြဋ္ဌာန်း နိုင်ပြီး ဖြစ်ခြင်းကြောင့် မြန်မာ့ ကင်းထောက်လုပ်ငန်းစဉ်များ အရှိန် အဟုန်ဖြင့် တိုးတက်ဆောင်ရွက် နိုင်မည့် အခြေအနေသို့ ရောက်ရှိ နေကြောင်း ဝမ်းမြောက်ဖွယ် သိရှိရပါကြောင်း။
၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၂၄ ရက်မှ စတင်ကာ ယနေ့အထိကျင်းပခဲ့ သည့် နိုင်ငံအဆင့် ကင်းထောက် နည်းဗျူဟာ ရေးဆွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၏ ရလဒ်များ အဖြစ် ''မြန်မာ့ကင်းထောက်မျှော်မှန်း ချက်''၊ ''မြန်မာ့ကင်းထောက်အဖွဲ့၏ လုပ်ငန်းတာဝန်''များ သတ်မှတ်နိုင် ခဲ့ပြီး၊ ဦးစားပေးဗျူဟာများအဖြစ် ''လူငယ်အစီအစဉ်များ''၊''ခေါင်း ဆောင်နိုင်သော သက်လတ်ပိုင်း အရွယ် လူ့အရင်းအမြစ်များ မွေးထုတ် ပေးနိုင်သည့် ခေါင်းဆောင်သင်တန်း များ'' ဦးစားပေးဆောင်ရွက်ကြရန် ဆွေးနွေး အဖြေရှာနိုင်ခဲ့ကြောင်း သိရှိရ၍ အထူးဝမ်းမြောက်မိပါ ကြောင်း။
၂ဝ၁၇ ခုနှစ်တွင် ကျင်းပမည့် ကမ္ဘာ့ကင်းထောက်ညီလာခံမှာ မြန်မာ နိုင်ငံကို ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအဖြစ် အဆိုပြု ဝင်ရောက်နိုင်ရေးအတွက် သတ်မှတ် အရည်အသွေးများ ပြည့်စုံနိုင်ရေး အလို့ငှာ ဝိုင်းဝန်းကူညီပံ့ပိုးဆောင် ရွက်ကြရန် ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ မှာ ကိုရီးယားနိုင်ငံ၌ ကျင်းပခဲ့သော ''(၂၅)ကြိမ်မြောက် အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ကင်းထောက်ညီလာခံ'' တက်ရောက်ကြသူများက တစ်ခဲနက် ထောက်ခံအတည်ပြုခဲ့သည်ကိုလည်း သိရှိရပါကြောင်း၊ အဆိုပါညီလာခံမှာ မြန်မာနိုင်ငံအား ယခုကဲ့သို့ဆုံးဖြတ် ချက်ချမှတ်နိုင်ရေးအတွက် အဓိက ဦးဆောင် ကြိုးပမ်းပေးခဲ့သော သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကင်းထောက်မင်းကြီးMr. Neville Tomkins ကိုယ်တိုင်လာရောက်ပြီး အထက(၁) လမ်းမတော် စွမ်းအား ခန်းမ၌ ကျင်းပခဲ့သော နိုင်ငံအဆင့် ကင်းထောက် နည်းဗျူဟာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ဦးဆောင် ဆွေးနွေးပို့ချခဲ့ကြောင်း သိရှိရ၍ အထူး ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါကြောင်း။
မြန်မာနိုင်ငံ ကင်းထောက်သမိုင်း ၏ နှစ်(၅ဝ)လွန်ကာလမှာ နိုင်ငံတကာ အဆင့် အလုပ်ရုံဆွေးနွေးပွဲ နှစ်ခု ဖြစ်သည့် National Strategic Planning Workshop နှင့်Youth Programme Workshop တို့ကို အထက(၁) လမ်းမတော် ကျောင်း ခန်းမ၌ တစ်ဆက်တစ်စပ်တည်း ကျင်းပနိုင်ခြင်းအတွက် များစွာ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း။
ယနေ့ကျင်းပပြီးစီးခဲ့သည့် ''နိုင်ငံ အဆင့် ကင်းထောက်နည်းဗျူဟာ ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ'' ဟာ မြန်မာ့ကင်းထောက်လုပ်ငန်း စဉ်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတကာ ကျွမ်းကျင်ပညာ ရှင်များနှင့် မြန်မာကိုယ်စားလှယ်များ ခြောက်ရက်တိုင်တိုင် အမြင်ချင်း ဖလှယ်ကြ၊ ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့ကြသည့် ဖြစ်ရပ်များသည် မြန်မာ နိုင်ငံ ကင်းထောက်သမိုင်းစဉ်မှာ မှတ်တမ်းဝင်မယ့် ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ သည်ဟု အလေးအနက် ယုံကြည်မိပါ ကြောင်း။
ဆွေးနွေးပွဲသို့ တက်ရောက်ကြ သည့် မြန်မာနိုင်ငံကင်းထောက်ကြီး များ၊ တက္ကသိုလ်နှင့် အခြေခံပညာ အဆင့်မှ ကင်းထောက်လူငယ် ခေါင်းဆောင်များ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးမှ လူငယ် ကိုယ်စားလှယ်များ စုံစုံညီညီပါဝင်ကြ ကြောင်းသိရှိရ၍ ဆွေးနွေးပွဲ ပြီးမြောက်သည့်ကာလတွင် မြန်မာ နိုင်ငံ ကင်းထောက်အဖွဲ့ကို ကမ္ဘာ့ ကင်းထောက်အဖွဲ့ဝင် နိုင်ငံဖြစ်ရေး အတွက် တန်ဖိုးရှိလှသည့် အတွေ့ အကြုံများ ရေရှည်ကြိုးပမ်းဆောင် ရွက်ရမည့် နည်းလမ်းကောင်းများ ရရှိနိုင်ကြမည်ဟု အလေးအနက် ယုံကြည် မျှော်လင့်ပါကြောင်းနှင့် မြန်မာနိုင်ငံ ကင်းထောက်လုပ်ငန်း စဉ်များကို နိုင်ငံတကာ ကင်းထောက် စံနှုန်းများနှင့်အညီ အရည်အသွေး မြင့်မားရေးအတွက် ဦးဆောင် ဆွေးနွေးပို့ချပေးပါသော APR မှ Mr. S.Prassanna Shrivastava ဦးဆောင်သောအဖွဲ့ကို ကျေးဇူး အထူးတင်ရှိပါကြောင်း ပြောကြား သည်။
ထို့နောက် လုပ်ငန်းဆွေးနွေး ပွဲမှ ထွက်ပေါ်လာသည့် မဟာ ဗျူဟာစီမံကိန်းနှင့် ပတ်သက်ပြီး မောင်ကောင်းဆက်ဟိန်း၊ မောင်ဆု ထူး၊ မောင်ဟန်ထက်လင်း၊ ဦးကျော် ကျော်တို့က တင်ပြပြီး အာရှ-ပစိဖိတ် ဒေသ ကင်းထောက်အဖွဲ့ချုပ်မှ Mr. Neville Tomkins က သင်တန်းနှင့်ပတ်သက်ပြီး ရှင်းလင်း ပြောကြားကာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ကင်းထောက်ချုပ် ဒေါက်တာတင်ညို တို့အား အမှတ်တရ ကင်းထောက် လည်စီးများပေးအပ်ကာ ကမ္ဘာ့ ကင်းထောက်အဖွဲ့ချုပ်နှင့် အာရှ- ပစိဖိတ်ဒေသ ကင်းထောက်ကိုယ်စား လှယ်သုံးဦးအား ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေက အမှတ်တရ လက်ဆောင်များကို လည်းကောင်း၊ လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းနှင့် အခြေခံ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းဦးတို့က သင်တန်း ဆင်းလက်မှတ်များ ပေးအပ်သည်။
ထို့နောက် ကမ္ဘာ့ကင်းထောက် အဖွဲ့ချုပ်နှင့် အာရှ-ပစိဖိတ်ဒေသ ကင်းထောက်အဖွဲ့ချုပ် ကိုယ်စားလှယ် Mr. S.Prassanna Shrivastava နှင့် လုပ်ငန်းဆွေးနွေးပွဲ ဒါရိုက်တာ ဦးတင်လှိုင်တို့က အလုပ်ရုံဆွေးနွေး ပွဲနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြား ကာ အလုပ်ရုံဆွေးနွေးပွဲ သင်တန်း သားများကိုယ်စား ပါမောက္ခ ဒေါက်တာမင်းသောင်၊ ကင်းထောက် ကြီး ဦးမြင့်ဆွေတို့က သင်တန်းအတွေ့ အကြုံများကို ရှင်းလင်းပြောကြားကာ မြန်မာနိုင်ငံ ကင်းထောက်ချုပ် ဒေါက်တာတင်ညိုက ကျေးဇူးတင် စကား ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၄ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ် ခြောက်ခု မှ ၂၄ ဦး၊ မြန်မာနိုင်ငံ ကင်းထောက် ကြီးများ ၁၆ ဦး၊ တက္ကသိုလ်များမှ ကင်းထောက်ဆရာနှင့် ကင်းထောက် များ ၁ဝ ဦး စုစုပေါင်း ၅ဝ တက် ရောက်ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment