Friday, January 1, 2016

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



လူသစ်စိတ်သစ် နှစ်သစ်မင်္ဂလာ

ခရစ်နှစ် ၂ဝ၁၅ ခုနှစ်တည်းဟူသော ကာလအပိုင်း အခြားတစ်ခုသည် ကုန်လွန်ခဲ့လေပြီ။ ၂ဝ၁၆ ခုနှစ်တည်းဟူသော တစ်နှစ်တာကာလအပိုင်းအခြားသည် ယနေ့မှပင် စတင်တော့မည်။ ဤသတ္တလောကအတွင်း ရှိကြကုန်သော သက်ရှိသက်မဲ့ ပုပုရွရွအရာအားလုံးသည် တစ်နှစ်တည်းဟူသော ကာလ အပိုင်းအခြားကို ဖြတ်သန်းကြရပေဦးမည်။ ဤတစ်နှစ်တာ ကာလအတွင်း ကျွန်ုပ်တို့လူသားများအနေဖြင့် အချိန်ကို အလဟဿမဖြစ်စေဘဲ အကျိုးရှိရှိကုန်ဆုံးစေရန် ယနေ့မှစ၍ လူသစ်စိတ်သစ်အားမာန်သစ်မွေးပြီး ကြံဆောင်၊ ကြိုးကုတ် အားထုတ်ကြရပေဦးမည်။
ကျွန်ုပ်တို့လူသားများသည် အသိÓဏ်ရှိသောသတ္တဝါ များဖြစ်ကြသည့်အလျောက် တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးပြင်း လာသကဲ့သို့ တစ်နှစ်ပြီးတစ်နှစ် အသိÓဏ်ဖွံ့ဖြိုးမှုနှင့်အတူ မိမိတို့တစ်ဦးချင်းစီ၏ ဘဝမြင့်မားတိုးတက်ပြောင်းလဲမှုအတွက် မိမိတို့ကိုယ်တိုင် ပုံဖော်ထုဆစ်ကြိုးစားအားထုတ်ကြရပေသည်။ ဤ ၂ဝ၁၆ ခုနှစ်သည် မိမိအတွက်အကျိုးရှိသော နှစ်တစ်နှစ်ဖြစ် ရမည်ဟူ၍ ရည်မှန်းချက်ထားရှိကာ လုပ်ဆောင်ဖွယ်ရာ အရာ အားလုံးကိုပြီးမြောက်အောင် ဆောင်ရွက်ခြင်းဖြင့် တိုးတက်မှု ရှိသောအပြောင်းအလဲများနှင့်အတူ မြင့်မားသောဘဝအဆင့် အတန်းတစ်ခုသို့ တက်လှမ်းနိုင်မည်ဖြစ်ပါသည်။
ပြီးခဲ့သည့်တစ်နှစ်တာကာလအတွင်း ကျွန်ုပ်တို့တစ်ဦး ချင်းစီ၏ ဘဝမြင့်မားတိုးတက်ရေးအတွက် ကြိုးပမ်းအားထုတ် မှုများသည် အောင်မြင်မှုများရှိသလို မအောင်မြင်သည်များ လည်းရှိနိုင်ပါသည်။ ကြိုးစားအားထုတ်ရခြင်း၏ အသီးအပွင့်များ ခံစားနိုင်ကြသလို ဆုံးရှုံးနစ်နာမှုများလည်းရှိနိုင်ပါသည်။ အကြံ အစည်သစ်၊ လုပ်ငန်းသစ်များ စတင်လုပ်ဆောင်မှုများရှိခဲ့သလို မလုပ်ဆောင်နိုင်သည်များလည်း ရှိနိုင်ပါသည်။ သို့သော် ၂ဝ၁၅ ခုနှစ်သည်ကား လွန်မြောက်ခဲ့လေပြီ။
ဤနှစ်သစ်အခါသမယတွင် ယူဆောင်သွားရမည့်အရာ များစွာရှိသလို နှစ်ဟောင်းတွင် ချန်ထားခဲ့ရမည့်အရာများစွာ လည်းရှိပေသည်။ မကောင်းသောအကြံအစည်၊ အတွေးအခေါ်၊ လုပ်ဆောင်မှုများကို ၂ဝ၁၅ ခုနှစ်တွင် ချန်ထားခဲ့ရမည်ဖြစ်ပါ သည်။ အကျိုးမရှိသောလုပ်ကိုင်ဆောင်ရွက်မှုအားလုံး နှစ်ဟောင်း တွင် ထားခဲ့ဖို့လိုပါသည်။ နှစ်သစ်သို့သယ်ဆောင်မသွားသင့်ပါ။ အကျိုးရှိသော လုပ်ကိုင်ဆောင်ရွက်မှုများ၊ ကြံစည်အားထုတ်မှုများ ကိုသာ နှစ်သစ်သို့ ဆက်လက်သယ်ဆောင်သွားကြရမည် ဖြစ်ပါ သည်။
နှစ်သစ်အခါသမယတွင် ပြီးခဲ့သည့်တစ်နှစ်တာအတွင်း စိတ်ပျက်ငြီးငွေ့ဖွယ်ကောင်းသောအရာများအပေါ် တွေဝေ ငေးမောနေ၍မဖြစ်ပါ။ နောင်တတစ်ဖန် ပူပန်နေခြင်းဖြင့် အချိန်မကုန်စေသင့်ပါ။ လက်ရှိအချိန်တွင် အကောင်းဆုံးဖြစ် အောင် လုပ်ဆောင်ခြင်းသည်သာ ပိုမိုကောင်းမွန်သော အနာဂတ် ဖန်တီးနိုင်မည်ဖြစ်ပါသည်။
သို့ဖြစ်၍ လူတိုင်းလူတိုင်းသည် ဤနှစ်သစ်ကာလမှစ၍ ၂ဝ၁၆ ခုနှစ်အတွင်း အရာအားလုံးကို အမှန်ကန်ဆုံးနှင့် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းအားထုတ်ပါမည်ဟူသော သန္နိဋ္ဌာန်ကိုခိုင်မြဲစွာချမှတ်လျက် လူသစ်၊ စိတ်သစ်၊ အားမာန်သစ် မွေးမြူကာ အောင်မြင်တိုးတက်သောနှစ်တစ်နှစ်အဖြစ် သတ်မှတ် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment