Friday, January 1, 2016

၂ဝ၁၅ ဇာတ်သိမ်းနှင့် အားကစားလောက အမှတ်တရဖြစ်ရပ်များ



The Mirror Daily's photo.

၂ဝ၁၅ ခုနှစ်ကျော်လွန်ခဲ့ချိန်မှာ အားကစားလောကမှာလည်း မမေ့နိုင်စရာ အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေ၊ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။၂ဝ၁၅ အားကစားလောကမှာ ဘာစီလိုအသင်းရဲ့ ထူးခြားတဲ့အောင်မြင်မှုတွေ၊ ဂျိုကိုဗစ်ခ်ျနဲ့ ဆရီနာဝီလျံတို့ရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်တွေက အများအတွက် အံ့သြမှင်သက်စရာတွေဖြစ်ခဲ့တာ၊ တိုင်ဆန်ဖျူရီ၊ ချန်ပီယံရှစ် သုံးထပ်ကွမ်းဆုရှင် အူစိန်ဘော့၊ ဖော်မြူလာဝမ်း နှစ်နှစ်ဆက် ချန်ပီယံ ဟာမီလ်တန်နဲ့ မယ်စကြဝဠာဆုစာရင်း မှားယွင်းကြေညာမှုတွေက ၂ဝ၁၅ ရဲ့ အလှုပ်ခတ်ဆုံးကိစ္စရပ်တွေပါ။ ဒါ့အပြင် ၂ဝ၁၅ က မြန်မာဘောလုံးလောကအတွက် ကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်ခဲ့တာကလည်း အမှတ်ရစရာပါ။ ဒီထဲကမှ အားကစားလောကရဲ့ မမေ့နိုင်စရာ ဖြစ်စဉ်တွေကို ထုတ်နုတ်တင်ပြလိုက်ရပါတယ်။

(၁) မြန်မာဘောလုံးလောကအတွက် အရေးပါတဲ့ ၂ဝ၁၅

၂ဝ၁၅ ခုနှစ်ဟာ မြန်မာဘောလုံးလောက အတွက် အရေးပါတဲ့နှစ်တစ်နှစ်လို့ဆိုရမှာပါ။ နယူးဇီလန်နိုင်ငံမှာကျင်းပတဲ့ ဖီဖာယူ-၂ဝ ကမ္ဘာ့ဖလားမှာ မြန်မာအသင်း ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သလို အိမ်ရှင်အဖြစ်ကျင်းပခွင့်ရတဲ့ အာရှယူ-၁၉ ပြိုင်ပွဲမှာလည်း အကြိုဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၂ဝ၁၅ စင်ကာပူဆီးဂိမ်းမှာလည်း ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ကာ အသင်းခေါင်းဆောင် နေလင်းထွန်း၊ ဂိုးသမား ကျော်ဇင်ဖြိုးတို့ရဲ့ နာမည်တွေက ဆီးဂိမ်းပြိုင်ပွဲကာလ တစ်လျှောက်မှာ အာဆီယံမီဒီယာတွေအကြား ရေပန်းအစားဆုံးဖြစ်ခဲ့တာကလည်း မြန်မာနိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာဖြစ်ခဲ့ပါတယ်။မြန်မာဘောလုံးလောကရဲ့ တိုးတက်လာတဲ့ အလားအလာတွေကို သတိပြုမိလာတဲ့ အာဆီယံမီဒီယာတွေကတောင် အိပ်ပျော်နေတဲ့ကျား ပြန်လည်နိုးထလာခဲ့ပြီလို့ ရေးသား ခဲ့တဲ့အထိ တောက်ပြောင်ခဲ့ပါတယ်။

(၂) မယ်စကြဝဠာပြိုင်ပွဲ ဆုစာရင်းမှားယွင်းကြေညာမှု

၂ဝ၁၅ မယ်စကြဝဠာပြိုင်ပွဲ ဆုစာရင်း မှားယွင်းကြေညာမှုက ကမ္ဘာ့မီဒီယာစာမျက်နှာ တွေအကြား နေရာယူမှုအများဆုံး ဖြစ်ရပ် ဖြစ်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂ဝ ရက် အမေရိကန် ပြည်ထောင်စု လက်ဗီးဂတ်စ်မြို့မှာ ကျင်းပခဲ့တဲ့ (၆၄)ကြိမ်မြောက် မယ်စကြဝဠာ ပြိုင်ပွဲမှာ နိုင်ငံတကာမှ အလှမယ်(၈ဝ) ဝင်ရောက်ယှဉ်ပြိုင်တဲ့ပွဲမှာ အစီအစဉ် တင်ဆက်သူ စတိဗ်ဟာဗေးက ဆုရရှိသူအမည်စာရင်းကို မှားယွင်းကြေညာခဲ့တာပါ။ အမေရိကန် ဟာသသရုပ်ဆောင် စတိဗ်ဟာဗေးက ကိုလံဘီယာ အလှမယ် ဂူတီယာရက်ဇ်ကို မယ်စကြဝဠာဆုရှင်အဖြစ် မှားယွင်းကြေညာခဲ့ကာ သရဖူကိုခေါင်းမှာ ဆင်မြန်းပေးခဲ့ပါတယ်။ နောက် သိပ်မကြာခင်မှာပဲ ဟာဗေးက ဆုတကယ်ရရှိသူက ဖိလစ်ပိုင်အလှမယ် ပီရာ အလိုဂျို ဝက်ဇ်ဘာ့ခ်ျ ဖြစ်တယ်လို့ ပြန်ပြောင်းကြေညာခဲ့ပါတယ်။ ဒါကြောင့် ယခုနှစ် မယ်စကြဝဠာ ပြိုင်ပွဲမှာ ဟာဗေးက ဗီလိန်ဖြစ်ခဲ့သလို ဝက်ဇ်ဘာ့ခ်ျနဲ့ ဂူတီယာရက်ဇ်တို့ရဲ့ နာမည်က ကမ္ဘာ့တစ်လွှား ပရိသတ်တွေရဲ့အာရုံကို အပြည့်အဝ ဆွဲငင်နိုင်ခဲ့ပါတယ်။ အရင်ကဆို မယ်စကြဝဠာဆုရှင်တစ်ယောက်ရဲ့ နာမည်ကသာ ပြိုင်ပွဲတစ်ခုလုံးမှာ ပေါ်လွင်ထင်ရှားခဲ့ပေမယ့် ဒီနှစ်ပြိုင်ပွဲမှာတော့ ကိုလံဘီယာ အလှမယ် ဂူတီယာရက်ဇ်ကလည်း မယ်စကြဝဠာဆုရှင် ပီယာအလိုဂျို ဝက်ဇ်ဘာ့ခ်ျနဲ့အပြိုင် အထင်ရှားဆုံး ဖြစ်နေခဲ့ပါတယ်။

(၃) မေဝယ်သာနဲ့ ပက်ကွိုင်အိုတို့ရဲ့အကောင်းဆုံးလက်ဝှေ့ပွဲ

ရာစုနှစ်အတွင်း အကောင်းဆုံးပွဲလို့တင်စားတဲ့ အမေရိကန် လက်ဝှေ့ အကျော်အမော် ဖလွိုက်မေဝယ်သာနဲ့ ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီပက်ကွိုင်အို တို့ရဲ့ လက်ဝှေ့ပြိုင်ပွဲကို မေ ၂ ရက်က လက်ဗီးဂတ်မြို့မှာ ကျင်းပပြီးစီးခဲ့ ပါတယ်။ ဒီပြိုင်ပွဲမှာ မေဝယ်သာက ဒိုင်လူကြီး သုံးဦးစလုံးရဲ့ အနိုင်ပေးမှုနဲ့ အတူ (၄၈)ပွဲ ရှုံးပွဲမရှိ စံချိန်တစ်ခုရရှိခဲ့တဲ့ ကစားသမားလည်း ဖြစ်လာခဲ့ပါ တယ်။ ဒီပြိုင်ပွဲမှာ ပက်ကွိုင်အိုက ၁၂ ချီပြည့်တဲ့အထိ သူတင်ကိုယ်တင် ယှဉ်ပြိုင်ထိုးနိုင်ခဲ့ပေမယ့် ဒိုင်လူကြီးတွေက ၁၁၆-၁၁၂၊ ၁၁၆-၁၁၂၊ ၁၁၈-၁၁ဝ မှတ်နဲ့ မေဝယ်သာကို အနိုင်ပေးခဲ့တာကြောင့် ပရိသတ်ရဲ့ ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင်ရရှိခဲ့တဲ့ ပွဲစဉ်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။ ပွဲအပြီးမှာ လက်ဝှေ့ကျော်နှစ်ဦး တစ်ဖက်နဲ့တစ်ဖက် စကားလုံးတွေနဲ့ စစ်ထိုးခဲ့သလို ဆုကြေးခွဲဝေမှုကလည်း ရလဒ်ကို ကြိုတင်ပုံဖော်ပေးနေသလိုပါပဲဆိုပြီး ဝေဖန် ခဲ့ကြတာပါ။ မေဝယ်သာက ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ ဆုကြေး ၆ဝ ရာခိုင်နှုန်းကို ရရှိမှာဖြစ်ပြီး ပက်ကွိုင်အိုက ၄ဝ ရာခိုင်နှုန်းသာ ခံစားခွင့် ရရှိမှာဖြစ်တယ်လို့ ပွဲကြိုသဘောတူညီခဲ့တာ ဖြစ်ပါတယ်။

(၄) ဂျိုကိုဗစ်ခ်ျနဲ့ဆရီနာဝီလျံတို့ရဲ့နှစ် ၂ဝ၁၅

၂ဝ၁၅ ခုနှစ်က ဂျိုကိုဗစ်ခ်ျနဲ့ ဆရီနာ ဝီလျံတို့အတွက် ချိုမြိန်တဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့တာသေချာပါတယ်။ ဂျိုကိုဗစ်ခ်ျက ဂရင်းစလင်းဖလား သုံးလုံး ကို သိမ်းပိုက်နိုင်ခဲ့သလို ATP Tours Final ပွဲစဉ်မှာလည်း ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ဆရီနာကတော့ ယူအက်စ်အိုးပင်းကလွဲလို့ ကျန်တဲ့ပွဲစဉ်တွေမှာ ချန်ပီယံ ဆုကို ရယူနိုင်ခဲ့ပါတယ်။ သူတို့နှစ်ဦးလုံးဟာ ဗွှဏ က ချီးမြှင့်တဲ့ နှစ်တစ်နှစ်ရဲ့ အကောင်းဆုံးကစားသမားတွေအဖြစ် ရွေးချယ်ခံခဲ့ရသလို တင်းနစ်လောကမှာ မှတ်တိုင်တွေ အသီးသီးစိုက်ထူနိုင်ခဲ့တာလည်း ဂုဏ်ယူစရာပါ။

(၅) ဖလားငါးလုံးရှင် ဘာစီလိုနာ

ဘာစီလိုနာက ၂ဝ၁၅ အတွင်းမှာ ကိုပါဒယ်ရေးဖလား၊ လာလီဂါဖလား၊ ချန်ပီယံလိဂ်ဖလား၊ ယူအီးအက်ဖ်အေ စူပါဖလားအပြင် ကမ္ဘာ့ကလပ်ချန်ပီယံ ဆုဖလားများကိုပါ ဆွတ်ခူးခဲ့ပါတယ်။ ကမ္ဘာ့ကလပ် ချန်ပီယံပြိုင်ပွဲမှာ ဘာစီလိုနာက ရေးဗားပလိတ်ကို သုံးဂိုးပြတ်နဲ့ အနိုင်ယူပြီး ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာကြောင့် ကမ္ဘာ့ကလပ် ချန်ပီယံဆုသမိုင်းမှာ သုံးကြိမ်တိုင် ဗိုလ်စွဲနိုင်တဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ အရင်က ဘာစီလိုနာဟာ ကိုရင်သီယန်နဲ့အတူ နှစ်ကြိမ်တိုင် ဗိုလ်စွဲနိုင်ခဲ့တဲ့အသင်း ဖြစ်ခဲ့ပေမယ့် ဒီနှစ်မှာ ထပ်ပြီးအောင်ပွဲခံနိုင်တာက ကမ္ဘာ့ကလပ် ချန်ပီယံဆု သမိုင်းမှာ မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့တာပါ။

(၆) စပယ်ရှယ်ဝမ်း မော်ရင်ဟိုရဲ့ ကျရှုံးခန်း

သူ့ကိုယ်သူ စပယ်ရှယ်ဝမ်းလို့ တင်စားတတ်တဲ့ မော်ရင်ဟိုတစ်ယောက် ချယ်လ်ဆီးကို တစ်ကျော့ပြန် ကိုင်တွယ်ရာမှာ မထင်မှတ်လောက်အောင် ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် ချယ်လ်ဆီးကနေ ထုတ်ပယ်ခံခဲ့ရပါပြီ။ ပရီမီယာလိဂ် ပွဲစဉ်(၁၆)ပွဲ ကိုင်တွယ်အပြီး ကိုးပွဲအထိ ရှုံးနိမ့်ခဲ့တာကြောင့် ချယ်လ်ဆီးဘုတ်အဖွဲ့ဝင်တွေက သူ့ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်ရတာပါ။ ဒါပေမယ့် မော်ရင်ဟိုကို ထုတ်ပယ်ပြီး ကစားခဲ့တဲ့ ဆန်းဒါးလန်းနဲ့ ပွဲစဉ်မှာ သုံးဂိုး-တစ်ဂိုးနဲ့ သက်သောင့်သက်သာပဲ ပြန်လည်အနိုင်ယူနိုင်ခဲ့တာကြောင့် ပရိသတ်တွေက မော်ရင်ဟို ထုတ်ပယ်ခံရအောင် ကစားခဲ့တယ်လို့ သူတို့ယူဆ ထားတဲ့ ဖာဘရီဂတ်စ်နဲ့ ကော်စတာတို့ရဲ့ နာမည်ကိုအော်ကာ မကျေနပ်မှုကို ပြသခဲ့ပါတယ်။ သေချာတာတစ်ခုကတော့ မော်ရင်ဟိုရဲ့ စီမံခန့်ခွဲမှုမှာ ပြဿနာ အချို့ရှိနေပြီး ဒါကိုကုစားဖို့ တစ်ခုတည်းသောနည်းလမ်းက နည်းပြအပြောင်း အလဲပြုလုပ်ရေးသာဖြစ်တဲ့အတွက် အသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျက ဆန္ဒမရှိဘဲ ထုတ်ပယ်ခဲ့ရတာပါ။
မေလဲ့သင်း

No comments:

Post a Comment