Friday, January 29, 2016

ပြည်သူ့လွှတ်တော်အစည်းအဝေး


အမျိုးသားအကျိုးစီးပွားအတွက် အယူဝါဒအစွဲမထားရှိဘဲ ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ခဲ့


Myanmaalinn's photo.
 နေပြည်တော် ဇန်နဝါရီ ၂၈

ပထမအကြိမ် ပြည်သူ့ လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၃၁ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီတွင်ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ ‘ဒုတိယဥက္ကဋ္ဌ ဦးနန္ဒ ကျော်စွာနှင့် လွှတ်တော်ကိုယ်စားလှယ် များက နှုတ်ဆက်အမှာစကားများ ပြောကြားကြသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက မိမိတို့ဘဝတွင် တန်ဖိုးထားဂုဏ်ယူ စရာ ပြည်သူ့တာဝန်များကို ထမ်းဆောင်ခွင့်ရခဲ့သည့် ငါးနှစ်တာ သက်တမ်းကာလတွင် အတွေ့အကြုံ၊ ဗဟုသုတ၊ အသိအမြင်များနှင့် မိတ်ဆွေ ညီအစ်ကိုမောင်နှမများ လည်း တိုးလာခဲ့ပါကြောင်း၊ ရရှိခဲ့ သည့်အတွေ့အကြုံ၊ ဗဟုသုတများကို အရင်းခံ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးကို တတ်နိုင်သည့်ဘက်မှ ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ နောင် ပေါ်ပေါက်လာမည့် လွှတ်တော်ကြီး ကလည်း လွတ်လပ်ခြင်း၊ ညီမျှခြင်းနှင့် တရားမျှတခြင်းတို့ကို ဖော်ဆောင်ရင်း နိုင်ငံ့အကျိုးကို ဆတက်ထမ်းပိုး ဆောင်ရွက်အောင်မြင်နိုင်ကြပါစေ ကြောင်း နှုတ်ခွန်းဆက်စကား ပြော ကြားသည်။
ထို့နောက် ချင်းတိုးတက်ရေး ပါတီ၊ ချင်းအမျိုးသားဒီမိုကရက်တစ် ပါတီ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက)၊ တအာင်း(ပလောင်) အမျိုး သားပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ''ဝ'' ဒီမို ကရက်တစ်ပါတီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမို ကရေစီအင်အားစုပါတီ၊ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ တပ်မတော်သား ကိုယ်စားလှယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့မှ လွှတ်တော် ကိုယ်စားလှယ်များက နှုတ်ဆက် စကား အသီးသီးပြောကြားကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နှုတ်ဆက် အမှာစကားပြောကြားရာတွင် ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ ဖွဲ့စည်းပေါ်ပေါက်လာခဲ့သည့် လွှတ်တော်များအတွင်းတွင် တန်ဖိုး ကြီးလှသောကိစ္စရပ်များ ဆောင်ရွက် ခွင့်ရရှိခဲ့ပါကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားအတွက် တစ်နည်းဆိုရလျှင် အမျိုးသားအကျိုး စီးပွားအတွက် ပါတီစွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ကိုးကွယ်ရာဘာသာ အယူ ဝါဒအစွဲမထားရှိဘဲ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ကြပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကို အထောက်အကူပြုနိုင်သော မေးခွန်းများ၊ အဆိုများနှင့် ဥပဒေများ ကို ဆွေးနွေးညှိနှိုင်းပြဋ္ဌာန်းနိုင်ခဲ့ပါ ကြောင်း၊ ထို့အတူ လွှတ်တော်နိုင်ငံရေး အတွေ့အကြုံ၊ တိုင်းရင်းသားရေးရာ အတွေ့အကြုံအပါအဝင် စည်းလုံး ညီညွတ်ရေးအတွက် ကျယ်ပြန့် လှသော ကိစ္စအကြောင်းအရာများကို ငါးနှစ်လုံးလုံး အမြင်ချင်း၊ အတွေ့ အကြုံချင်း ဖလှယ်နိုင်ခဲ့ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပထမအကြိမ် ပြည်သူ့ လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၃၁ ရက်မြောက်နေ့ကို ရပ်နားလိုက်ပြီး ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပပြီးစီး ကြောင်း လွှတ်တော်သို့ အသိပေး ကြေညာသည်။

(သတင်းစဉ်)

No comments:

Post a Comment