ဟောလိဝုဒ်ရဲ့ကျော်ကြားတဲ့မင်းသမီးတစ်ဦးဖြစ်တဲ့ အန်ဂျလီနာဂျိုလီက သူ့ရဲ့ရင်သွေးလေးတွေကို မိမိကဲ့သို့ သရုပ်ဆောင်တစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်း မပြုစေချင်ကြောင်းနဲ့ အခြားသောအသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုကိုလုပ်ကိုင်ရင်း တစ်ဖက်တစ်လမ်းမှ သရုပ်ဆောင်အဖြစ် လှုပ်ရှားခြင်းမျိုးသာဖြစ်စေချင်ကြောင်း ရုပ်သံအင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့တာကို ယူပီအိုင်ဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။
အသက် (၄ဝ)ရှိပြီဖြစ်တဲ့ ဂျိုလီက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ တူဒေးရှိုးရုပ်သံအစီအစဉ်မှာ သူ့ရဲ့ရင်သွေးလေးခြောက်ဦးရဲ့ အကြောင်းတွေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ ရင်သွေးလေးတွေဟာ နောက်ဆုံးရိုက်ကူးထားတဲ့ '' Kung Fu Panda 3'' ရုပ်ရှင်မှာ အသံဖြင့်ပါဝင်သရုပ် ဆောင်ထားပါတယ်။ ရင်သွေးလေးတွေကို ယခုလိုသရုပ်ဆောင်လောကထဲကို ဆွဲခေါ်ခဲ့တာနဲ့ပတ်သက်ပြီး ဂျိုလီကိုမေးတဲ့အခါ ကလေးတွေ ငယ်ရွယ်သေးတဲ့အချိန်မှာ ပျော်စရာအတွေ့အကြုံတစ်ခုအဖြစ် သရုပ်ဆောင်စေခဲ့တာဖြစ်ပေမယ့် သူ့ရဲ့ကလေးတွေကို ဘယ်တော့မှ သရုပ်ဆောင်တစ်ဦးအဖြစ် ကြီးပြင်းစေမှာမဟုတ်ဘူးလို့ မင်းသမီးက ဆိုခဲ့ပါတယ်။
ယင်း''Kung Fu Panda 3''ရုပ်ရှင်တွင် ဂျိုလီ၏ရင်သွေးလေးများအနက် အငယ်ဆုံးလေးများဖြစ်ကြသော ပက်ဇ်၊ ဇဟာရာ၊ ရှားလော့စ်နဲ့ နော့ဇ် တို့လေးဦး ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အန်ဂျလီနာဂျိုလီက ဒါရိုက်တာအဖြစ် ရိုက်ကူးပြီး ဂျိုလီနဲ့ ခင်ပွန်းဖြစ်သူ ဘရက်ပစ်တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ရုပ်ရှင် ''By the Sea''ရိုက်ကူးစဉ်ကလည်း ဂျိုလီက သားကြီးဖြစ်သူ မက်ဒေါ့ဇ်အား ထုတ်လုပ်ရေးလုပ်ငန်းများတွင် လက်ထောက်တစ်ဦးအဖြစ် ပါဝင်စေခဲ့ပါတယ်။ လတ်တလောမှာလည်း မက်ဒေါ့ဇ်ဟာ သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ကမ္ဘောဒီးယား မှာ မိခင်ဖြစ်သူနှင့်အတူ '' First They Killed My Father ''ရုပ်ရှင်ကို ရိုက်ကူးလျက်ရှိပါတယ်။
ယခုကဲ့သို့ သားကြီးဖြစ်သူအား အနုပညာလုပ်ငန်းများတွင် ပါဝင်စေခြင်းနဲ့ ပတ်သက်၍လည်း ဂျိုလီက မိသားစုလုပ်ငန်းတစ်ခုအနေဖြင့် ပါဝင်လုပ်ဆောင်စေခြင်းဖြစ်ကာ အနုပညာမိသားစုတွင်မွေးဖွားကြီးပြင်းရသော ကလေးများအနေဖြင့် မိဘတွေရဲ့အနုပညာလုပ်ငန်းတွေမှာ မကြာခဏ ပါဝင်နေမှာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
အေးပြည့် - စုစည်းသည်
No comments:
Post a Comment