Friday, January 29, 2016

အခြေခံလူတန်းစားများနှင့်ကျူးကျော်နေထိုင်သူများအတွက်အငှားအိမ်ရာ စီမံကိန်းတည်ဆောက်၊မကြာမီနေထိုင်ခွင့်ပြုမည်

မင်းထက်အောင်(မန်းကိုယ်ပွား)

မန္တလေး ဇန်နဝါရီ ၂၈

ဧရာဝတီမြစ်ကမ်းပါးတစ်လျှောက် ကျူးကျော်နေထိုင် ၍ လုပ်ငန်းလုပ်ကိုင်ကာ ဘဝရပ်တည်နေကြသော ရွှေ့ပြောင်းလုပ်သားများ၏ မိသားစုဘဝလုံခြုံစိတ်ချ အဆင့်မြင့်စွာ နေထိုင်နိုင်စေရေးအတွက် မန္တလေး အောင်မြေသာစံမြို့နယ် ဧရာဝတီမြစ်ကမ်းအနီး မြို့ပတ် လမ်းနှင့် တာရိုးဟောင်းအကြားတွင် အငှားအိမ်ရာများ တည်ဆောက်လျက်ရှိရာ မကြာမီကာလအတွင်း နေထိုင် ခွင့်ပြုသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသက် နိုင်ထွန်းက ပြောသည်။
''ဒီပြောင်းရွှေ့လုပ်သားတွေက မြစ်ကမ်းတစ်လျှောက် မှာပဲ စားဝတ်နေရေးအတွက် လုပ်ကိုင်နေထိုင်ကြတာ ဖြစ်တဲ့အတွက် သူတို့လုပ်ငန်းနဲ့နီးတဲ့ ဒီနေရာမှာပဲ နေထိုင်နိုင်အောင် ဆောက်လုပ်ပေးခြင်း ဖြစ်ပါတယ်။
ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် မြစ်ဘေးတစ်လျှောက် သာယာလှပလာမယ်။ ဒုစရိုက်မှုတွေလည်း ကင်းစင် ပပျောက်သွားမယ်။ နောက်ပြီး နိုင်ငံတကာခရီးသွား ဧည့်သည်တွေလည်း အများဆုံး လာရောက်လည်ပတ် နေတာမို့ နိုင်ငံ့ပုံရိပ်အတွက် ပိုမိုအမြင် တင့်တယ် စေလာမှာပါ''ဟု ၄င်းက ဆက်လက်ပြောကြားသည်။ အဆိုပါ အငှားအိမ်ရာ တည်ဆောက်ပြီးစီး သွားပါက ဧရာဝတီမြစ်ကမ်း တစ်လျှောက်တွင် နေထိုင်သည့် အခြေခံလူတန်းစားများနှင့် ကျူးကျော် တဲများတွင် နေထိုင်သော မိသားစု များကိုသာ အဓိကထား ငှားရမ်း နေရာချထားပေးသွားမည် ဖြစ်ပြီး ငှားရမ်းခများအနေဖြင့် တစ်လလျှင် သုံးသောင်းကျပ်နှုန်း သတ်မှတ်ထား ကာ အငှားစနစ်တွင် တစ်လ၊ ခြောက်လနှင့် တစ်နှစ် စသည့် သုံးမျိုး ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်သည်။

''အခန်းနေရာ ချထားပေးမှု ကတော့ မဲစနစ်နဲ့သွားမှာပါ။ ပထမ ထပ်ကနေ ဆဋ္ဌမအထပ်ထိ ဘယ် နေရာမှာပဲရရ တစ်လကို ငှားရမ်းခ အနေနဲ့ တစ်ပြေးညီ သုံးသောင်းပဲ သတ်မှတ်ထားပါတယ်။ လက်ရှိ ကောက်ခံထားတဲ့ ရွှေ့ပြောင်း လုပ်သားတွေရဲ့ အိမ်ထောင်စုစာရင်း အရ ၂၆ဝဝ ကျော်ရှိနေပါတယ်။ လက်ရှိဆောက်လုပ်ထားတဲ့ အခန်း အရေအတွက်က နည်းနေသေးတဲ့ အတွက် ထပ်မံဆောက်လုပ်ပေးသွား ဖို့ စီစဉ်ထားပါတယ်'' ဟု ၄င်းက ဆက်လက်ပြောသည်။
လက်ရှိကျူးကျော်တဲများတွင် နေထိုင်သူ ဒေါ်အေးတင်ကလည်း ''သားသမီးတွေ ငယ်တုန်းတော့ဖြစ် သလို နေရတာကိစ္စမရှိပေမယ့် အရွယ် ရောက်လာတော့ မသင့်လျော်ဘူးလေ။ ဒီလိုအချိန်မှာ အခုလိုတိုက်ခန်းမျိုးနဲ့ နေခွင့်ရရင်တော့ အင်မတန်ကောင်း မှာပေါ့။ စာရင်းတော့ လာကောက် သွားပြီ။ ရမရတော့မသိသေးပါဘူး''ဟု ၄င်းက ပြောသည်။

အငှားအိမ်ရာ စီမံကိန်းကို မြေဧက ၅ ဒသမ ၅၃၇၉ ဧကပေါ်တွင် ၂ဝ၁၄ ခုနှစ် မတ်လပိုင်းက စတင် တည်ဆောက်ခဲ့ပြီး ယခုအချိန်တွင် တည်ဆောက်ရေး လုပ်ငန်းများမှာ ၇ဝ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ် သည်။

အငှားအိမ်ရာ စီမံကိန်းတွင် လူနေတိုက်ခန်းများအဖြစ် (၁ဝx၂ဝ)ပေ ၁၂ ခန်းတွဲ ခြောက်ထပ် ၂၂ လုံး၊ အခန်းပေါင်း ၁၅၈၄ ခန်းပါရှိ မည်ဖြစ်ကာ အခန်းများအလိုက် ရေချိုးခန်းနှင့် သန့်စင်ခန်းများ ထည့်သွင်းထားကြောင်း၊ လျှပ်စစ်မီး နှင့် ရေရရှိရေးတို့ကိုလည်း စီမံ ဆောင်ရွက်ထားကြောင်း သိရ သည်။

No comments:

Post a Comment