Sunday, January 31, 2016

ဆရာဝန်တင်ရွှေ စာပေဆုချီးမြှင့်ပွဲကျင်းပ


The Mirror Daily's photo.
ရန်ကုန် ဇန်နဝါရီ ၃ဝ
(၁၄)ကြိမ်မြောက် ဆရာဝန်တင်ရွှေ စာပေဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ဆူးလေ ရှန်ဂရီလာဟိုတယ်၌ကျင်းပရာ မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်ဝင်း(မနုဿကျော်ဝင်း)က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် ဆရာဝန်တင်ရွှေ စာပေဆုစိစစ်ရွေးချယ် ရေးအဖွဲ့ဝင် ဦးတင်ခ(တက္ကသိုလ်တင်ခ)က ဆရာဝန်တင်ရွှေ စာပေဆုရစာအုပ်များ၏ မှတ်ချက်အကျဉ်းကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သိမ်းက ဆရာဝန်တင်ရွှေ တစ်သက်တာစာပေ ဂုဏ်ဆောင်ဆုရ စာရေးဆရာအောင်ခန့် (တက္ကသိုလ် ဝင်းမွန်)၊ လင်းလွန်းခင်စာပေမှထုတ်ဝေသည့် ''နှင်းဆီ နံ့မွှေးနှင့် အခြားစာပေဆောင်းပါးများ''စာအုပ်ရေးသားသူ မြဝင်း(ဒဿန) နှင့် ခိုင်ဇင်စိုးစာပေတိုက်မှ ထုတ်ဝေသည့် ''လူသားတိုင်းပါဝင် သဘာဝပတ်ဝန်းကျင်'' စာအုပ် ရေးသားသူ ပါမောက္ခ ဒေါက်တာဦးအေးမြင့်တို့အား ဆုများ ချီးမြှင့်သည်။
ဆက်လက်၍ ဆရာမင်းယုဝေက မင်းမင်းမြတ် စာပေမှထုတ်ဝေသည့် ''တောဆရာဝန်'' စာအုပ် ရေးသားသူ ဒေါက်တာထက်အောင်(ဗန်းမော်)နှင့် Su Su Mi စာပေတိုက်မှ ထုတ်ဝေသည့် ''The Chronicle of the Mons & The Collection of Histories of their Pagodas'' စာအုပ်ရေးသားသူ Dr. Saw Mra Aung တို့အား ဆုများချီးမြှင့်သည်။
ထို့နောက် စာပေအလှူရှင် ဆရာဝန်တင်ရွှေ၏ဇနီး ဒေါ်အေးသန့်က ဆုရွေးချယ်ရေးအဖွဲ့ကိုယ်စား ဦးစိန် မျိုးမြင့်(ဓာတ်ပုံ)အား ဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီး သက်ကြီးစာရေးဆရာများအား ပူဇော်ကန်တော့ပွဲအတွက် အလှူငွေပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံစာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးတင်လှိုင်(လယ်တွင်းသားစောချစ်)က လက်ခံကာ ဆုရရှိကြသူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြသည်။
ယင်းနောက် စာပေဆုအလှူရှင် ဆရာဝန်တင်ရွှေ မိသားစုကိုယ်စား သမီးဖြစ်သူ ဒေါ်သက်သက်ရွှေက ''အဓိကကတော့ စာပေနယ်မှာ အဖေက အကျိုးပြုစာပေ တွေ၊ စာအုပ်တွေ အများကြီးပေါ်ထွက်စေချင်တယ်။စာပေက အဓိကအခြေခံကျတယ်လို့ မြင်ပါတယ်။ ဆုချီးမြှင့် ပွဲကို ၂ဝဝဝ ပြည့်နှစ်ကတည်းက ချီးမြှင့်ခဲ့တာ။ အခုဆိုရင် ၁၄ ကြိမ်ရှိပါပြီ။ တစ်သက်တာ စာပေဆုကိုတော့ ၁ဝ ကြိမ်မြောက်ကစပြီး ချီးမြှင့်ခဲ့ပါတယ်။ မြန်မာစာပေ ရေးသားသူ၊ ဖတ်ရှုသူ၊ ထုတ်ဝေသူ တိုးတက်လာဖို့နဲ့ မြန်မာစာပေဖွံ့ဖြိုးတိုးတက်လာအောင် တစ်ထောင့် တစ်နေရာက အားဖြည့်ကူညီပေးခြင်းဖြစ်ပါတယ်''ဟု ပြောသည်။
(ရီရီမြင့်၊ ဥမ္မာသန့်)

No comments:

Post a Comment