Tuesday, August 2, 2016

လူငယ်နှင့် ပတ်ဝန်းကျင်

 
 
 
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


လူငယ်များဆိုးသွမ်းခြင်း၏ ခရီးအစသည် ၄င်းတို့၏အိမ်မှဖြစ်သည်။ ခိုးမှု၊ လုယက်မှု၊ မူးယစ်ဆေးသုံးစွဲမှု၊ သူတစ်ပါးကို နာကျင်စေမှုအပါအဝင် ပြစ်မှုအမျိုးမျိုးကိုကျူးလွန်သူ လူငယ်များ၏နောက်ကွယ်ရှိ မိသားစု၏အခြေအနေအမျိုးမျိုးတို့က ဆိုးသွမ်းလူငယ်လေးများ ဖြစ်ပေါ်လာစေရန် ဖန်တီးပေးလိုက်ခြင်းဖြစ်သည်ဟု လူမှုရေးသုတေသီတို့ကဆိုကြသည်။

ခက်ခဲကြမ်းတမ်းသော မိသားစုဘဝတွင် ကြီးပြင်းလာရသူများ၊ ပတ်ဝန်းကျင်က နှိမ့်ချခြင်းကိုခံရသူများ၊ ပင်ကိုစရိုက်အားဖြင့် ရန်လိုတတ် သူများ၊ ဒုစရိုက်မှုထူပြောသည့် ပတ်ဝန်းကျင်၌ ကြီးပြင်းလာရသူများ၊ မိသားစုအတွင်းညှဉ်းပန်းနှိပ်စက်ခံကြရသူများ အစရှိသဖြင့် ဗီဇနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေအရပ်ရပ်တို့က လူဆိုးလေးများကို မွေးထုတ်ပေးလိုက်ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

မည်သို့ပင်ဆိုစေကာမူ လူဆိုးလူသွမ်းလေးများမှာ ၄င်းတို့ကျင်လည် ရာ လူမှုအသိုင်းအဝိုင်းနှင့်လည်းကောင်း၊ တရားဥပဒေနှင့်လည်းကောင်း ရင်ဆိုင်တွေ့ကြရသည့်အခါတွင် ၄င်းတို့ကျူးလွန်ခဲ့ရာ ပြစ်မှုအတိုင်းအတာ အလျောက်အပြစ်ပေးခြင်းကို ခံကြရသည်။ ယင်းသို့ အပြစ်ပေးရာတွင် ပြစ်မှုကျူးလွန်သူလူငယ်များအား အကျင့်စာရိတ္တကောင်းမွန်ရေး၊ လူ့ အသိုင်းအဝိုင်းအတွင်းသို့ပြန်လည်ဝင်ရောက်လာနိုင်ရေးစသောကောင်း သည့်ရည်ရွယ်ချက်များဖြင့် ပြုပြင်ပေးရန်သာဖြစ်သင့်ပြီး ¤င်းတို့၏အနာဂတ်ဘဝတစ်လျှောက် လူလုံးမလှသည့်အဖြစ်သို့ မကျရောက်အောင်၊ လူသားတစ်ဦး၏ ဂုဏ်သိက္ခာကို ချိုးနှိမ်ပစ်ရာမရောက်အောင် ဂရုပြု ကြရမည်ဖြစ်သည်။

က္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ''မည်သူ့ကိုမျှညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် ရက်စက်ကြမ်းကြုတ်သော၊ လူမဆန်သော၊ လူ့သိက္ခာ ညှိုးနွမ်းစေသော ပြုမူဆက်ဆံခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်းမပြုရ။'' ဟု ပြဋ္ဌာန်းထားသည်ကိုလည်း သတိမူ ကြရာသည်။ မိသားစုနှင့်ပတ်ဝန်းကျင်၏ ရိုက်ခတ်မှု အမျိုးမျိုးတို့ကြောင့် ပန်းကောင်းအညွန့်ကျိုးဘဝသို့ ရောက်ရှိကြရသော ကလေးသူငယ်များနှင့် လူငယ်များကို စေတနာ၊ အကြင်နာ၊ ဝါသနာစသော ကောင်းမြတ်သည့် စိတ်နှလုံးများနှင့် ပြုစုပျိုးထောင်ပေးပြီး အဖိုးတန်သောနိုင်ငံသားများ အဖြစ် ပြန်လည်ပုံသွင်းနိုင်သည့် သာဓကကိုလည်း လတ်တလော တွေ့မြင် နိုင်ပါသည်။

ပြီးခဲ့သည့် ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်း အောင်ခဲ့သော အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းကျ ကျောင်းသား ၁၁ ဦးနှင့် ၄င်းတို့အား သင်ကြားပေးခဲ့သည့် ဆရာဆရာမများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ဇူလိုင် ၃ဝ ရက်က ကျင်းပခဲ့သည်။ အကျဉ်းကျ ကျောင်းသားများ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် အကျဉ်းဦးစီး ဌာနက စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး အထက(၁)အင်းစိန်၊ အလက (၁၃) အင်းစိန်တို့မှ ကျောင်းအုပ်နှင့်ဆရာ ဆရာမများက စေတနာ၊ မေတ္တာကြီးမားစွာဖြင့် သင်ကြားပေးခဲ့ကြခြင်းဖြစ်ရာ အဆိုပါ ပညာ သင်နှစ်အတွင်း အကျဉ်းကျကျောင်းသား ၁၉ ဦး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခဲ့သည့်အနက် ၁၁ ဦးအောင်မြင်ခဲ့သည့်အပြင် ဂုဏ်ထူးပင်ဆွတ်ခူး နိုင်ခဲ့ကြောင်း သိရသည်။

''နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက် ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန်တိုးတက်ဖွံ့ဖြိုးရေး တို့အတွက် ဆောင်ရွက်ရမည်။'' ဟု ၂ဝဝ၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပြဋ္ဌာန်းထားသည်။ လူငယ်များ ဆိုးသွမ်းခြင်း၊ ပြစ်မှု ကျူးလွန်ခြင်းဆိုသည်မှာ အထက်တွင်ဆိုခဲ့ပြီးသကဲ့သို့ ¤င်းတို့၏လူမှု ဘဝပတ်ဝန်းကျင် အခြေအနေအမျိုးမျိုးနှင့် ဗီဇစရိုက်အမျိုးမျိုးတို့ကြောင့် ဖြစ်ရာ စေတနာ၊ မေတ္တာဖြင့် ပတ်ဝန်းကျင်ကောင်းတွင် ကောင်းစွာပုံသွင်း ပြုပြင်ပေးခြင်းဖြင့် လူ့ဘောင်လောကကို အကျိုးပြုနိုင်သော လူတော် လူကောင်းကလေးများအဖြစ်သို့ ရောက်ရှိနိုင်ပါကြောင်း။ ။






No comments:

Post a Comment