Wednesday, December 30, 2015

လူကုန်ကူးမှုတားဆီးကာကွယ်ရေး





မြန်မာနိုင်ငံမှ နိုင်ငံရပ်ခြားတိုင်းပြည်များသို့ သွားရောက်အလုပ်လုပ် ကိုင်သူအရေအတွက်မှာ ငါးသန်းခန့်ရှိမည်ဟု ခန့်မှန်းထားသည်။ သွားရောက်ကြသူများမှာ အကြောင်းအမျိုးမျိုး၊ နည်းအမျိုးမျိုးဖြင့် သွားရောက်လုပ်ကိုင်ကြသည်။ ထိုအထဲတွင် တရားဝင်သွားရောက်လုပ်ကိုင် ကြသူများရှိသလို တရားမဝင်သွားရောက်လုပ်ကိုင်ကြသူများလည်းရှိသည်။

နိုင်ငံရပ်ခြားသို့ရောက်ရှိနေသူများမှာ မိမိတို့အတွက် ဝင်ငွေရရှိရေးကို မျှော်မှန်းကာ သွားရောက်ခဲ့သော်လည်း လိမ်လည်လှည့်ဖြားခေါ်ဆောင် သွားခြင်း၊ ရောင်းစားခံရခြင်းများကြောင့် ဘေးဒုက္ခရောက်နေကြသော မြန်မာနိုင်ငံသားများ အမြောက်အမြားရှိသည်။ ထိုသူတို့အား အကာအကွယ် ပေးရေး၊ ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ရေး၊ ပြန်လည်ထူထောင်ရေး၊ တရားစွဲဆိုရေး စသည့်လုပ်ငန်းများကို အဖွဲ့ဖွဲ့ကာ စီမံချက်ချဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ယခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၏ ကျွန်းများပေါ်ရှိ လူကုန်ကူးခံ ရသော မြန်မာရေလုပ်သား ၇၈၉ ဦးကို ကယ်တင်လိုက်နိုင်ပြီး မြန်မာ နိုင်ငံရှိ မိဘရပ်ထံသို့ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့သည့် ထင်ရှားသော ဆောင်ရွက်ချက်များကို မကြာမီက မြင်တွေ့ခဲ့ရသည်။ ပြည်ပနိုင်ငံများသို့ လူကုန်ကူးခံရသူများတွင် အဆိုပါ ရေလုပ်သားများကဲ့သို့ အမျိုးသားများအပြင် အမျိုးသမီးများနှင့် ကလေးသူငယ်များလည်း ပါဝင်လာသည်ကို ကြားသိကြုံတွေ့ လာသဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အလေးထားလုပ်ဆောင်လာကြသည်ကို တွေ့ရသည်။

လူကုန်ကူးခံရသူများအား လွှဲပြောင်းပေးရေးလုပ်ငန်းများကို လုပ်ထုံး လုပ်နည်းများနှင့်အညီ လက်ရှိ၌ ထိုင်းနိုင်ငံနှင့် ပူးပေါင်းရေးဆွဲဆောင်ရွက်နေ သကဲ့သို့ တရုတ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံတို့နှင့်လည်း ဆက်လက် အကောင်အထည်ဖော်သွားမည်ဟု သိရသဖြင့် မြန်မာနိုင်ငံသားများအတွက် အားတက်မိပါသည်။ မြန်မာနိုင်ငံမှ လူကုန်ကူးခံရသူအများစုမှာ အဆိုပါ လေးနိုင်ငံတွင် အဖြစ်အများဆုံးဖြစ်သည်။

လူကုန်ကူးသူခံရသူများတွင် တရားမဝင်လှေစီးပြောင်းရွှေ့သွားလာသူများနှင့်ပတ်သက်၍ တရားမဝင်ရွှေ့ပြောင်းသွားလာမှု မူရင်းနိုင်ငံမဖြစ်စေရေးနှင့် တရားမဝင်လှေစီးရွှေ့ပြောင်းသွားလာမှု တစ်ဆင့်ခံမဖြစ်စေရေးသည် အရေး ကြီးသောကြောင့် နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်နေသည်ကို တွေ့ရသည်။ ယခုအခါ အဆိုပါ တရားမဝင်လှေစီးရွှေ့ပြောင်းသွားလာမှုများ ရှိလာသဖြင့် အစီအမံများရေးဆွဲ၍ ဦးစားပေးဆောင်ရွက်လျက်ရှိနေသည် မှာ အားရဖွယ်ဖြစ်သည်။

ကြိုတင်တားဆီးကာကွယ်ရေးကဏ္ဍ၌ အသိပညာပေးရေးလုပ်ငန်း များအပြင် လူကုန်ကူးခံရနိုင်သည့် အကြောင်းအရင်းများ၊ လူကုန်ကူးမှုဖြစ် ပွားနိုင်သည့်နေရာများ၊ လူကုန်ကူးခံရနိုင်သည့် ဦးတည်အုပ်စုများနှင့် လူကုန်ကူးမှုကျူးလွန်နိုင်သူများအား ရှာဖွေဖော်ထုတ်သွားရန် လိုအပ် ပါသည်။ ပြည်ပသို့ ရွှေ့ပြောင်းသွားလာသူများအတွက် လုံခြုံစိတ်ချမှုရသည့် တရားဝင်သွားလာလုပ်ကိုင်ရေးကို ဆောင်ရွက်ပေးနေသည်ဖြစ်သလို တစ်ဖက်ကလည်း ပြည်ပသို့ရွှေ့ပြောင်းသွားလာနိုင်သူများအား အသိပညာ ပေးရေးနှင့် ပြည်တွင်း၌ အလုပ်အကိုင်ဖန်တီးပေးနိုင်ရေးတို့ကို ကူညီ ဆောင်ရွက်ပေးမှသာ လူကုန်ကူးမှုလျော့နည်းကျဆင်းလာမည်ဖြစ်သည်။

လူကုန်ကူးမှုကို တားဆီးကာကွယ်ရာ၌ လက်ရှိကာလတွင် တားဆီး ကာကွယ်ရေးနှင့် ကယ်ဆယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး နောင်အနာဂတ်ကာလတွင် စီမံကိန်းလုပ်ငန်းကြီး များ အသစ်ပေါ်ထွန်းလာမည်ဖြစ်၍ အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာမည်ဖြစ်ရာ မိမိနိုင်ငံအတွင်း သင့်တင့်သောလုပ်ခလစာများနှင့် အေးချမ်းတည်ငြိမ်စွာ နေထိုင်လုပ်ကိုင်ကြရန် အသိပညာပေးဆောင်ရွက် သွားကြဦးမည်ဖြစ်သည်။

လူကုန်ကူးခြင်းမခံရစေရန်အတွက် အဓိကလိုအပ်ချက်မှာ အသိပညာ နှင့် ဝင်ငွေသင့်တင့်ကောင်းမွန်သော အလုပ်အကိုင်များ၊ အခွင့်အလမ်း များရှိနေရန်လိုအပ်ပါသည်။ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်များတွင် နိုင်ငံသားအားလုံးတက်ကြွစွာပါဝင်ခြင်းဖြင့် မိမိနိုင်ငံတွင် အိုးမကွာ အိမ်မကွာ အလုပ်လုပ်ကိုင်ဆောင်ရွက်နိုင်အောင် ဝိုင်းဝန်း ဖန်တီးကြရန် တိုက်တွန်းအပ်ပါသည်။ ။

No comments:

Post a Comment