Tuesday, December 29, 2015

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


 
ရာသီအလိုက်ပန်းအလှများဖြင့် ခရီးသွားတို့ကို ဆွဲဆောင်

ကျွန်ုပ်တို့ မြန်မာနိုင်ငံသည် မီးခိုးမထွက်သော စီးပွား ရေးဟု တင်စားပြောဆိုနေကြသည့် ကမ္ဘာလှည့်ခရီးသွားဧည့်သည် များ တစ်နှစ်ထက်တစ်နှစ် ပိုမိုလာရောက်လည်ပတ်လျက်ရှိရာ ၂ဝ၂ဝ ပြည့်နှစ်အရောက်တွင် ကမ္ဘာလှည့်ခရီးသွားဧည့်သည် နှစ်စဉ် ခုနစ်သန်းကျော် လာရောက်လည်ပတ်ရန် မျှော်မှန်း ထားပါသည်။ ဤသို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ပိုမိုလာရောက်စေရန် ခရီးသွားမြှင့်တင်ရေး အစီအစဉ်များကို စဉ်ဆက်မပြတ် ခင်းကျင်းဆောင်ရွက်ကြရပါသည်။ အမျိုးမျိုး အဖုံဖုံသော ရာသီအလိုက် ပွဲတော်များအပြင် ကမ္ဘာလှည့် ခရီးသွားများ  လာရောက်အပန်းဖြေအနားယူနိုင်သော နေရာ များဖြစ်အောင် ဆွဲဆောင်ကြရပါသည်။
မြန်မာနိုင်ငံ၏   တောင်တန်းဒေသတစ်ခုဖြစ်သည့် ချင်းပြည်နယ်သည် နိုဝင်ဘာလမှ စတင်ကာ ဆောင်းရာသီ တစ်လျှောက်လုံး ချယ်ရီမြိုင်တန်း၊ တောင်ဇလပ်ပန်းများဖြင့် သာမောဖွယ်ရာ  သဘာဝအလှအပများဖြင့်   ပြည့်စုံပြီး ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်လျက်ရှိပါသည်။ ချယ်ရီပန်းများနှင့် တောင်ဇလပ်ပန်းများသည် ချင်းပြည်နယ်၏  အထင်ကရ အထိမ်းအမှတ်ပန်းများဖြစ်ပါသည်။ တစ်နည်း အားဖြင့် ချင်းလူမျိုးတို့၏ ဂုဏ်ယူဖွယ်ရာ အထိမ်းအမှတ်ပန်း များလည်း ဖြစ်ပါသည်။
ဂျပန်နိုင်ငံတွင်  ချယ်ရီပန်းများကို  အမျိုးသားရေး ပန်းများအဖြစ် သတ်မှတ်ထားပါသည်။ ထိုနိုင်ငံတွင် ချယ်ရီပန်း များကို ခူးလည်းမခူး၊ ပန်လည်းမပန်၊ ပန်းများကိုအလှကြည့်ပြီး အပန်းဖြေလေ့ရှိကြပါသည်။ ချယ်ရီပန်းများ ပင်လုံးကျွတ်ပွင့်သည့် အချိန်သို့ရောက်ပြီဆိုလျှင်  တစ်နိုင်ငံလုံး ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကာ  ချယ်ရီပင်များအောက်သို့  အရောက်သွား၍ အပန်းဖြေအနားယူလေ့ရှိကြောင်း  သိရပါသည်။  ဂျပန်လူမျိုး များက ချယ်ရီပန်းများကို အမြတ်တနိုး တန်ဖိုးထားလေ့ရှိ ပါသည်။
ချယ်ရီပန်းများနှင့် တောင်ဇလပ်ပန်းများသည် ချင်းပြည် နယ်၏  ဒေသအထိမ်းအမှတ်ပန်းများဟု  ဆိုသော်လည်း တစ်နှစ်ထက်တစ်နှစ် သစ်တောသစ်ပင်များ ခုတ်ထွင်မှုများပြား လာခြင်း၊ ရေကြီးမြေပြိုမှုများဖြစ်ခြင်း၊ တန်ဖိုးထားထိန်းသိမ်းသည့် အလေ့အထ  နည်းပါးလာခြင်းတို့ကြောင့်  တဖြည်းဖြည်း လျော့နည်းကွယ်ပျောက်လာနေပြီဖြစ်ကြောင်း ဝမ်းနည်းဖွယ် ကြားသိနေရပါသည်။ ထို့ကြောင့် ချင်းပြည်နယ်ကို ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်နိုင်သည့် သဘာဝအခြေခံခရီးသွား ဒေသတစ်ခုဖြစ်လာစေရန် ရည်ရွယ်၍ ၂ဝ၁၂ ခုနှစ်မှစတင်ကာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၈ဝဝဝ ကျော်မြင့်သော ကနေဒီတောင်တန်းပေါ်တွင် ချယ်ရီနှင့် တောင်ဇလပ်ပန်းများ အပါအဝင် စိမ်းလန်းလှပရေးကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းများအရ သိရပါသည်။
သို့ဖြစ်၍  ချင်းပြည်နယ်ကို  ကမ္ဘာလှည့်ခရီးသွားဒေသ အဖြစ် ဆောင်ရွက်မည်ဆိုလျှင် ဒေသအထိမ်းအမှတ်ပန်းများဖြစ် သည့် ချယ်ရီပန်းများနှင့် တောင်ဇလပ်ပန်းများကို ထိန်းသိမ်း ကာကွယ်ရေးနှင့်   စနစ်တကျ  စိုက်ပျိုးရေးအစီအစဉ်များ ချင်းပြည်နယ်တစ်ခုလုံး ဖြန့်ကြက်ဆောင်ရွက်သွားသင့်ပြီ ဖြစ်ပါ ကြောင်း။   ။

No comments:

Post a Comment