Thursday, December 3, 2015

တိုက်စစ်ပြဿနာအတွက် အော့ဘာမီယန်အား မန်ယူခေါ်ယူရန်စီစဉ်





မန်ယူသည် လက်ရှိတွင် တိုက်စစ်ပိုင်းပြဿနာ အကျပ်အတည်းတွေ့နေရပြီး သွင်းဂိုးတစ်ဂိုးရရှိရန်ပင် ခက်ခက်ခဲခဲ ရုန်းကန်နေရရာ မန်ယူနည်းပြ ဗန်ဟားလ်က ဒေါ့မွန်တိုက်စစ်မှူး အော့ဘာမီယန်အား ခေါ်ယူကာ ယင်းပြဿနာအား အလျင်အမြန် ဖြေရှင်းလိုသည်ဟု ဂိုးဒေါ့ကွန်းကဖော်ပြသည်။ အဆိုပါ ဂါဘွန်တိုက်စစ်မှူးသည် ယခုနှစ် ဘောလုံး ရာသီတွင် ကမ္ဘာ့ကြယ်ပွင့်ကစားသမားနှစ်ဦးဖြစ်သည့် မက်ဆီနှင့် စီရိုနယ်လ်ဒိုတို့ထက်ပင် သွင်းဂိုးအရေအတွက် သာလွန် နေရာ ဗန်ဟားလ်က ၄င်းအားအလိုရှိဆုံး စာရင်းနံပါတ်(၁)နေရာတွင် ထည့်သွင်းထားသည်ဟုလည်း မေရာဒေးလီး က ရေးသားခဲ့သည်။


သို့သော် ဘာစီလိုနာ၊ ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ကလည်း၎င်းအားအလိုရှိနေကြရာ မန်ယူအနေဖြင့် အော့ဘာမီယန်အား ရရှိရန်မလွယ်ကူပေ။ အော့ဘာမီယန်သည် ယခုနှစ်ဘောလုံးရာသီတွင် ဒေါ့မွန်အသင်းအတွက် ၁၈ ပွဲတွင် သွင်းဂိုး ၂၂ ဂိုးသွင်းယူထားရာ ဥရောပရွှေဖိနပ်ဆုရရှိရန်ပင်ရေပန်းစားနေသူဖြစ်သည်။နည်းပြ ဗန်ဟားလ်က အသက် (၂၆)နှစ်ရှိ အော့ဘာမီယန်၏ခြေစွမ်းအား အကြိမ်ကြိမ်စောင့်ကြည့်ပြီးမှသာခေါ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ပေါင် ၄၂သန်းဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အော့ဘာမီယန်သည် မိုနာကိုနှင့် စိန့်အက်တီယန်တို့တွင် ကစားခဲ့ဖူးပြီး ၂ဝ၁၃-၂ဝ၁၄ဘောလုံးရာသီတွင် ဒေါ့မွန် သို့ ရောက်ရှိလာကာ တစ်နှစ်ထက်တစ်နှစ်ခြေစွမ်းပိုမိုတိုးတက်လာခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် ၄င်းအား ဥရောပ ကလပ်များ၏ တိုက်စစ်ကြယ်ပွင့်များဖြစ်သော နေမာ၊ဆွာရက်ဇ်၊မက်ဆီ၊ စီရိုနယ်လ်ဒို၊ဘင်ဇီမာ၊ လီဝမ်ဒေါစကီးတို့နှင့် တစ်တန်းတည်းထားရမည့်တိုက်စစ်မှူးအဖြစ် သတ်မှတ်လာကြခြင်းဖြစ်သည်။


မေလဲ့သင်း

No comments:

Post a Comment