Wednesday, December 30, 2015

ဝါးများကိုစည်းကမ်းမဲ့ခုတ်ယူနေသဖြင့် ရွှေလီမြစ်ရိုးရှိ ဝါးတောကြီးများ ပြုန်းတီးလာနိုင်





ကသာ ဒီဇင်ဘာ ၂၉

ဝါးကိုအိမ်ဆောက်ခြင်း၊ ထရံရက်ခြင်း၊ အသုံး အဆောင်ပစ္စည်းရက်လုပ်ခြင်း၊ မွေးမြူရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းတို့တွင် အသုံးပြုခြင်း၊ နေအိမ်ခြံဝင်း ကာရံရာတွင် အသုံးပြုခြင်းတို့ကြောင့် ဝါးခုတ်သမားများ၊ ဝါးကုန်သည်ပွဲစားများ၊ ဝါးဖောင်အလုပ်သမားများနှင့် ဝါးရက်လုပ်ငန်းလုပ်ကိုင်သူများသည် တစ်နှစ်ပတ်လုံးလုပ်ငန်းလည်ပတ်လျက်ရှိသဖြင့် အလုပ်အကိုင် အခွင့် အလမ်းကို ရရှိစေသည်။

ဝါးခုတ်ခြင်း၊ သယ်ဆောင်ခြင်းလုပ်ငန်းတွင် ကချင် ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ရွှေလီမြစ်ရိုးတို့ရှိ ဝါးတောကြီးများမှ ခုတ်ယူကြသည်။
ထိုသို့ခုတ်ယူပြီးသည့် ဝါးများကို ဧရာဝတီမြစ်ကြောင်း အတိုင်း ဖောင်ဖွဲ့၍စုန်ဆင်းကာ စစ်ကိုင်းရွှေကြက်ယက် ဆိပ်ကမ်း၊ မန္တလေးဆိပ်ကမ်း၊ မင်းကွန်းဆိပ်ကမ်းတို့ တွင်ဆိုက်ကပ်၍ အရောင်းအဝယ်ပြုလုပ်ကြပြီး ဝါးရက် လုပ်သူများကလည်း ဝါးဖောင်ဆိုက်ကပ်သည့် ဆိပ်ကမ်း နှင့်နီးရာတွင် အခြေချကာ အမိုးအကာနှင့် ဝါးထရံရက်ခြင်း လုပ်ငန်းကို လုပ်ကိုင်ကြကြောင်း သိရသည်။
''ဝါးဟာ လူတွေအတွက် အသုံးဝင်တာတော့မှန်ပါတယ်။ တစ်ဖက်ကကြည့်ပြန်ရင်လည်း ဝါးတောကြီးတွေ ပြုန်းတီး လာတာကို တွေ့ရတယ်။ ဒီတော့ ဝါးတွေကို စနစ်တကျ ခုတ်တာတို့၊ ဝါးကို ပြန်လည်တိုးချဲ့စိုက်ပျိုးတာတို့ စနစ်တကျထိန်းသိမ်းတာတို့ကို ဒေသခံတွေ သိရှိနားလည် အောင် အသိပညာပေးဆောင်ရွက်တာတွေ လုပ်ပေးဖို့ လိုအပ်ပါတယ်''ဟု သဘာဝပတ်ဝန်းကျင် လေ့လာသူ တစ်ဦးက ပြောသည်။

ယခုအခါ ပြည်တွင်း၌ ဝါးအသုံးချမှုများပြားနေခြင်း ကြောင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ဝါးတောကြီးများသည် တဖြည်းဖြည်း ပြုန်းတီးလျက်ရှိသည်။ တစ်နှစ်တစ်နှစ်တွင် ဧရာဝတီမြစ် အတွင်း၌ ဝါးဖောင်အရေအတွက် ထောင်ချီ၍ မျောနေ လျက်ရှိရာ ဒေသခံများအပါအဝင် ဝိုင်းဝန်းထိန်းသိမ်းခြင်း၊ အစားထိုးစိုက်ပျိုးခြင်းတို့ မပြုလုပ်နိုင်ပါက သဘာဝ ဝါးတောကြီးများပြုန်းတီးလာကာ ရာသီဥတုပြောင်းလဲမည့် အန္တရာယ်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မည့် အန္တရာယ် များ ကြုံတွေ့လာနိုင်သည်ဟု သိရသည်။


စိုင်းလူမင်း

No comments:

Post a Comment