Wednesday, December 2, 2015

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂရိုးရာနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်



လဟယ် ဒီဇင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် နှစ်စဉ် ကျင်းပသည့် နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်ကို လာမည့် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် လဟယ်မြို့၌ ယခင်နှစ်များကဲ့သို့ နာဂရိုးရာအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
နာဂရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပမည့် အခြေ အနေနှင့်ပတ်သက်ပြီး ဒေသခံတစ်ဦးက ''နာဂရိုးရာ နှစ်သစ်ကူးပွဲတော်က နာဂတောင်တန်းဒေသမှာ နှစ်စဉ် ကျင်းပတဲ့ ရိုးရာပွဲတော်ဖြစ်ပါတယ်။ ဒီပွဲတော်လေးမှာ တိုင်းရင်းသားညီအစ်ကိုတွေ တစ်ဦးနဲ့ တစ်ဦး ခင်မင်စွာ တွေ့ဆုံကြပြီး သွေးစည်းချစ်ကြည်လာစေရန် ရည်ရွယ် ပါတယ်။ ကျွန်တော်တို့ နာဂလူမျိုးတွေ အထွတ်အမြတ်ထားတဲ့ ဒီပွဲတော်ကိုရောက်ပြီဆို အများကြီးပျော်ပါတယ်။ မီးပုံပွဲမှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ်၊ ကျေးရွာအသီးသီးမှ နာဂရိုးရာအကအဖွဲ့များ စုပေါင်း ကပြဖျော်ဖြေကြတယ်။ ကျွန်တော်တို့ နာဂရိုးရာသီချင်းဖြင့် အနယ်နယ်အရပ်ရပ်က ပွဲတော်ကို လာရောက်ကြတဲ့ တိုင်းရင်းသားညီအစ်ကိုတွေ၊ ဒေသခံတိုင်းရင်းသားတွေနဲ့ နိုင်ငံခြားသား ဧည့်သည်တွေကို စုပေါင်းပျော်ရွှင်စွာ ပါဝင် ကခုန်ဆင်နွှဲကြတယ်။ နာဂပွဲတော်မှာ ရိုးရာပြခန်းအပြင် ဌာနဆိုင်ရာအဖွဲ့တွေရဲ့ ဗဟုသုတအဖြစ် လေ့လာချင်စဖွယ် ပြခန်းတွေ၊ ကျန်းမာရေးအသိပညာပေး ပြခန်းတွေနဲ့ ဈေးဆိုင်တွေ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ တအားစည်ပါတယ်။ ပွဲတော်ကို လာလည်ရင်း အေးချမ်းလှပမှုတွေနဲ့ ဖွံ့ဖြိုးနေတဲ့ နာဂတောင်တန်း ဒေသသို့ လာရောက်လေ့လာဖို့ ဖိတ်ခေါ်ချင်ပါတယ်''ဟု ပြောသည်။
အဆိုပါ နာဂပွဲတော်အား ၂ဝ၁၄ ခုနှစ်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့တွင် လည်းကောင်း၊ ၂ဝ၁၅ ခုနှစ်က လေရှီးမြို့တွင် လည်းကောင်း၊ နှစ်စဉ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမြို့နယ်များတွင် အလှည့်ကျ ကျင်းပလျက်ရှိရာ ယခုနှစ်တွင် လဟယ်မြို့၌ ကျင်းပမည်ဖြစ်ပြီး နာဂပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ လာရောက်လေ့လာ လိုသူများအနေဖြင့် ခန္တီးမြို့သို့ လေယာဉ်ဖြင့် တိုက်ရိုက်လာရောက်ပြီး ခန္တီးမြို့မှတစ်ဆင့် လဟယ်မြို့သို့ သွားရောက်နိုင် သလို မုံရွာမြို့မှတစ်ဆင့် ခန္တီးမြို့အထိ ရေကြောင်းလမ်းမှ လည်းကောင်း သွားလာနိုင်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-ဖိုးချမ်း(မုံရွာ)

No comments:

Post a Comment