Sunday, November 1, 2015

တစ်နိုင်ငံလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတော်အစိုးရနှင့်အတူ ပြည်သူတစ်ရပ်လုံးပူးပေါင်းပါဝင်




The Mirror Daily's photo.


နေပြည်တော် အောက်တိုဘာ ၃၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးအုန်းမြင့်၊ ဦးဝင်းထွန်း၊ ဦးဇေယျာအောင်၊ ဒေါက်တာသန်းအောင်၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ မြန်မာအမျိုးသားလေကြောင်းဖြင့်ထွက်ခွာပြီး တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ရောက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များဖြင့် ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးသို့ သွားရောက်ကြရာ ဒေသခံပြည်သူများက လမ်းဘေးဝဲယာတစ်လျှောက်မှ သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် လောကမာရဇိန်ဘုရားကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ပြီး အလှူငွေများကို ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းသည်။

ထို့နောက် မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ထားဝယ်မြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်း၍ မြို့ပြအင်္ဂါရပ်နှင့်အညီ ဆောင်ရွက်နေမှုအခြေအနေများကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မြန်မာအမျိုးသားလေကြောင်းဖြင့် ကော့သောင်းမြို့ သို့ရောက်ရှိရာ ကော့သောင်းလေဆိပ်၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိ မြို့ဖများ၊ ဒေသခံပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များဖြင့် ကော့သောင်းမြို့ရှိ ပြည်တော်အေးဘုရားသို့ သွားရောက်ကြရာ ဒေသခံပြည်သူများက လမ်းဘေးဝဲယာတစ်လျှောက်မှ သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ပြည်တော်အေးဘုရားအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ထို့နောက် မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် ဒေသခံပြည်သူ တစ်ဦးက မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားချိတ်ဆက်ရရှိရေး၊ ကွန်ကရစ်ဆိပ်ခံတံတားသစ်တစ်စင်း တည်ဆောက်ပေးရေးနှင့် စက်မှုအထက်တန်းကျောင်း တည်ဆောက်ပေးရေးတို့ကိုတင်ပြရာ နိုင်ငံတော်သမ္မတက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ကော့သောင်းမြို့ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ ဘုရင့်နောင်ကုန်းမြေရှိ ဘုရင့်နောင်မင်းတရားကြီးရုပ်တုနှင့် ကုန်းမြေသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ ကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မြန်မာအမျိုးသားလေကြောင်းဖြင့် ဘုတ်ပြင်းလေဆိပ်သို့ရောက်ရှိကြရာ မြို့မိ မြို့ဖများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် လေဆိပ်ဧည့်ခန်းမ၌ မြို့မိ မြို့ဖများ၊ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မကြာမီ ကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအား လွတ်လပ်၍တရားမျှတမှုရှိစေရေး၊ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြင့် အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် ပြည်သူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး ဒေသခံပြည်သူများက တင်ပြသည့် ဒေသဖွံ့ဖြိုးရေးအတွက် အဓိကကျသော လမ်းများ အဆင့်မြှင့် တင်ပေးရေး၊ လျှပ်စစ်မီးနှင့် သောက်သုံးရေရရှိရေး လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

နိုင်ငံတော်သမ္မတသည် ထားဝယ်နှင့် ကော့သောင်းမြို့နယ်တို့မှ မြို့မိ မြို့ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် မိမိတို့နိုင်ငံတွင် ပြီးခဲ့သည့် မိုးတွင်းကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ သဘာဝဘေးဒဏ်ကြုံတွေ့ခဲ့ရမှုနှင့် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ပေးခဲ့မှု၊ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မိမိတို့အစိုးရ လက်ထက်၌ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ပြုပြင်ပြောင်းလဲမှုများကို တစ်ဆင့်ပြီး တစ်ဆင့် စနစ်တကျဖြင့် တည်ငြိမ် အေးချမ်းစွာ ဆောင်ရွက်နိုင်မှုကြောင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များဖြစ်သည့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား၊ တယ်လီဖုန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီးနှင့် သန့်ရှင်းသော သောက်သုံးရေရရှိရေး စသည့်ကဏ္ဍများတွင် တိုးတက်မှု များစွာ ရရှိနေပြီ ဖြစ်ပါကြောင်း၊ ရရှိပြီးဖြစ်သော တည်ငြိမ်အေးချမ်းမှုနှင့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းပြီး တစ်နိုင်ငံလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ပြည်သူတစ်ရပ်လုံးက တက်ညီလက်ညီဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးအား တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကြီးဖြစ်အောင် ပြည်သူတစ်ရပ်လုံးက အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ မြန်မာအမျိုးသားလေကြောင်းဖြင့် မြိတ်လေဆိပ်သို့ ညနေပိုင်းတွင်ရောက်ရှိကြရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးထင်အောင်ကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့် ကင်းထောက် လူငယ်များက တစ်ခဲနက် ကြိုဆိုနှုတ်ဆက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment