Tuesday, November 3, 2015

3.11.2015...ကြေးမုံ စာတည်းရှုထောင့်




အေးချမ်းသာယာပြည်မြန်မာ


ယနေ့အချိန်ကာလသည် ပွင့်လင်းရာသီဖြစ်၍ မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်သော အချိန်ကာလဖြစ်သည်။ လေ့လာ ကြည့်ရှုစရာ၊ လည်ပတ်ချင်စရာ များပြားလှသော မြန်မာနိုင်ငံအဖို့ ဤအချိန် ကာလတွင် ခရီးသွားများ များပြားလာသည်မှာ မြန်မာနိုင်ငံအတွက် အဆန်းတကြယ်မဟုတ်ဟုဆိုသော်လည်း ယခင်ကာလများထက်သာလွန်၍ မျက်မှောက်ကာလတွင် တိုးတက်လာသည်မှာ ထူးခြားမှုပင်ဖြစ်သည်။

ဒီမိုကရေစီအသွင်ကူးပြောင်းမှုမစတင်မီအချိန်က မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာ အိမ်နီးချင်းနိုင်ငံများနှင့် မယှဉ်သာအောင် အားနည်းခဲ့သောအခြေအနေရှိခဲ့သည်။ ပွင့်လင်းမြင်သာမှုနှင့် ပြုပြင်ပြောင်းလဲမှုများ စတင်လိုက်သောအခါတွင် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းမှာ တစ်နှစ်ထက်တစ်နှစ် သိသာစွာတိုးတက်လာသည်ကိုတွေ့ရပြီး ယခုရာသီအတွက် ခရီးသွားလေးသန်းခွဲအထိပင်ရှိမည်ဟု ခန့်မှန်းထားသည်။

သို့ရာတွင် ခရီးသွားလုပ်ငန်းသည် ယခုရာသီ၌ ယခင်နှစ်များနှင့်မတူ ခရီးသွားဝင်ရောက်မှုလျော့နည်းနေသည်ဟု ပြောဆိုသံများကြားလာရသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုရှိနေသည်။ နိုင်ငံတည်ငြိမ်အေးချမ်းမှုမရှိနိုင် စသည်ဖြင့် တီးတိုးပြောဆိုမှုများလည်းရှိနိုင်သည်။ နိုင်ငံတည်ငြိမ် အေးချမ်းမှုမရှိနိုင်သောကြောင့် ခရီးသွားများလျော့နည်းသွားသည်ဟုဆိုခြင်းမှာ မှန်ကန်သည့်သုံးသပ်ချက်မဖြစ်နိုင်ချေ။

ခရီးသွားဟူသည်မှာ စူးစမ်းစွန့်စားသွားလာကြသူများဖြစ်သည်။ နိုင်ငံတကာခရီးသွားများအနေဖြင့် ပို၍ စွန့်စားခရီးသွားလာကြသည်ကို ရှေးဦးကာလကတည်းက မှတ်တမ်းမှတ်ရာများရှိခဲ့သည်။ မည်သည့်အခြေအနေကာလတွင်မဆို ခရီးသွားလာကြပြီး ခရီးသွားများနည်းခြင်း၊ များခြင်းသာရှိနိုင်သည်။ အေးချမ်းသာယာနေသော အချိန်ကာလတွင်မူ ပြောဖွယ်ရာမရှိ တော့ချေ။

အမှန်တကယ်တွင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာပေါ်တွင် ခရီးသွားများ သွားလာလည်ပတ်စရာ အကောင်းဆုံးနိုင်ငံဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုလျော့နည်းသောကြောင့် ခေတ်မီအခြေခံအဆောက်အအုံ နည်းပါးခြင်းသည်ပင် ခရီးသွားများအတွက် စိတ်ဝင်စားစရာဖြစ်လာသည်။ ခေတ်အဆက်ဆက် တည်ရှိနေသော ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံများနှင့် ယဉ်ကျေးမှု အမွေအနှစ်များမှာ ခရီးသွားများအား ဆွဲဆောင်စရာဖြစ်လာသည်။

လက်ရှိကာလတွင် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပမည့်ကာလဖြစ်နေသောကြောင့် နိုင်ငံအတွင်းနှင့် နိုင်ငံတကာက ရွေးကောက်ပွဲကို အာရုံစိုက် နေခြင်းဖြစ်၍ ခရီးသွားလျော့နည်းဟန်ရှိသည်။ သို့ရာတွင် ရွေးကောက်ပွဲ ကာလအပြီး နိုဝင်ဘာလလယ်တွင် ခရီးသွားများ မြန်မာနိုင်ငံသို့လာရောက် လည်ပတ်ရန်အတွက် ကြိုတင်စာရင်းပေးမှုများ များနေသည်ဟု ခရီးသွား လုပ်ငန်းနယ်ပယ်မှ သိရသည်။

မြန်မာနိုင်ငံသည် သဘာဝအခြေခံခရီးသွားလုပ်ငန်း ကြွယ်ဝသော နိုင်ငံဖြစ်သည်။ နိုင်ငံသားများ၏ ယဉ်ကျေးပျူငှာ ဖော်ရွေသောဆက်ဆံမှုများနှင့် ကိုယ်ပိုင်ယဉ်ကျေးမှုများမှာ ခရီးသွားများအဖို့ စိတ်ဝင်စားဖွယ်ရာများဖြစ်သည်။ နိုင်ငံတည်ငြိမ်အေးချမ်းမှုသည် ဖွံ့ဖြိုးတိုးတက်ခြင်းကို ဦးတည်သောကြောင့် ဖွံ့ဖြိုးတိုးတက်မှုကို လိုလားသော ပြည်သူအများစုက တည်ငြိမ်အေးချမ်းအောင် နေထိုင်လာကြသည်။

၂ဝ၁၅ ခုနှစ်သည် မြန်မာနိုင်ငံအတွက် ထူးခြားသောနှစ်တစ်နှစ် ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုရေး၊ စီးပွားရေးအပြောင်း အလဲများကို ဖော်ဆောင်ပေးနိုင်ခဲ့ပြီး ယခုနှစ်တွင် ရှေ့ဆက်၍နိုင်ငံကောင်းစား ရေးအတွက် ပိုမိုကောင်းမွန်သောပြုပြင်ပြောင်းလဲမှုများကို ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံရေးအရွေ့တစ်ခုကို စတင်ဆောင်ရွက်တော့မည့် အချိန်ကာလဖြစ်သည်။

တိုင်းရင်းသားပြည်သူအပေါင်းတို့အနေဖြင့်လည်း တည်ငြိမ်အေးချမ်း သာယာမှုကိုသာ လိုလားကြပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအား နိုင်ငံတကာအလယ်တွင် တင့်တယ်ထည်ဝါစွာရပ်တည်စေလိုသည်။ တိုင်းပြည်၏အင်အားဖြစ်သည့် ပြည်သူများက တည်ငြိမ်အေးချမ်းမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ကို အလေးဂရုပြုကာ အေးချမ်းစွာဖြင့် စည်းလုံးညီညွတ်စွာနေထိုင်သွားကြမည်ဟု ယုံကြည်လက်ခံထားကြသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံအဖြစ်သို့ ရှေးရှုနေသောနိုင်ငံဖြစ်သည့်အားလျော်စွာ အေးချမ်းသာယာသည့်နိုင်ငံတော်တွင် ခရီးသွားများလာရောက်မှုတိုးတက်ခြင်းက တည်ငြိမ်အေးချမ်းသည့် နိုင်ငံ့ပုံရိပ်ကို ထင်ဟပ်ပေါ်လွင်စေပါသည်။ ။

No comments:

Post a Comment