Thursday, October 29, 2015

ငွေဆောင် ရွက်ကလပ် Myanmar Wave Rider Cup and KTA Race Open 2015 ဖွင့်ပွဲ ကျင်းပ





ငွေဆောင် အောက်တိုဘာ ၂၈

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေ ရန်နှင့် မြန်မာ့ရွက်လှေအားကစား အဆင့်အတန်း တိုးတက်မြင့်မားစေရန် ရည်ရွယ်၍ Myanmar Wave Rider Cup and KTA Race Open 2015 ဖွင့်ပွဲအခမ်းအနားကို ယနေ့ ည ၇ နာရီတွင် ပုသိမ်ခရိုင် ငွေဆောင် ကမ်းခြေရှိ ငွေဆောင်ရွက်ကလပ်၌ ကျင်းပသည်။ 

အဆိုပါအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ၂ဝ၁ဝ ပြည့်နှစ် အစိုးရ သစ် တာဝန်ယူပြီးသည့် အချိန်မှစတင်၍ ဒေသတွင်းနှင့် အပြည်ပြည် ဆိုင်ရာ အားကစားပြိုင်ပွဲများကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ကြောင်း၊ (၂၇)ကြိမ်မြောက် ဆီးဂိမ်းအားကစားပွဲတော်ကြီးတွင် အပျော်စီးရွက်လှေပြိုင်ပွဲကို ထည့်သွင်းကျင်းပနိုင်ရန်ရည်ရွယ်၍ ငွေဆောင်ရွက်ကလပ်နှင့် အပန်းဖြေ စခန်းကို ဖွင့်လှစ်ခဲ့ကြောင်း၊ အဆိုပါ ငွေဆောင်ရွက်ကလပ်ကို ဖွင့်လှစ်ခြင်းဖြင့် မြန်မာနိုင်ငံအတွင်း အပျော်စီးရွက်လှေအားကစား ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုပြီး ငွေဆောင်ကမ်းခြေ ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရကလည်း နိုင်ငံသားတို့၏ အားကစားအဆင့်အတန်းမြှင့်တင်ရန် အထူးအားပေးလျက်ရှိကြောင်း၊ အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်းမှာ ဆက်စပ်လျက်ရှိ ကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ ခရီးသွားလုပ်ငန်းများတွင် အားကစားကိုအခြေပြု သည့် ခရီးသွားလုပ်ငန်းမှာ လျင်မြန်စွာတိုးတက်လျက်ရှိကြောင်း၊ ၂ဝ၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ခရီးသွားဝင်ရောက်မှုနှုန်းသည် ၃ ဒသမ ဝ၈ သန်း ဝင်ရောက်ခဲ့ပြီး ၂ဝ၁၃ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၅၁ ရာခိုင်နှုန်း မြင့်တက် လာကြောင်း၊ ၂ဝ၁၅ ခုနှစ် ကုန်ပိုင်းတွင် ခရီးသွားများလာရောက် လည်ပတ် မှုနှုန်းကို ၄ ဒသမ ၅ သန်းထိ ရောက်ရှိရန် ခန့်မှန်းထားကြောင်း၊ မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် စနစ်တကျ ကြိုးပမ်း အားထုတ်လျက်ရှိကြောင်း၊ ထို့ကြောင့် မြန်မာခရီးသွားလုပ်ငန်းမြှင့်တင် ရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနသည် အားကစားဝန်ကြီးဌာနနှင့် အခြားသော အားကစားအဖွဲ့ချုပ်များနှင့် ပူးပေါင်း လက်တွဲဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်နှင့်Ngwe Saung Yacht Club and Resort ကိုယ်စား မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် အထွေထွေ မန်နေဂျာနှင့် ပြိုင်ပွဲဖြစ်မြောက်ရေးဒါရိုက်တာအဖြစ် တာဝန်ယူထားသူ ဦးဖုန်းကျော်မိုးမြင့်က မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်အနေဖြင့် မြန်မာ့ရွက်လှေ အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂ဝ၁၂ ခုနှစ်တွင် ရွက်လှေအားကစားပြိုင်ပွဲတစ်ခု ဖြစ်သည့် Windsurfing အားကစားနည်းကို စတင်ခဲ့ကြောင်း၊ ၂ဝ၁၃ ခုနှစ် တွင် ကျင်းပသည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တွင် အဆိုပါအားကစားနည်းတစ်ခုတည်းမှပင် ရွှေတံဆိပ်တစ်ခုနှင့် ကြေး တံဆိပ်တစ်ခု ရယူပေးနိုင်ခဲ့ပါကြောင်း၊ ယခုထပ်မံ၍Windsurfing အပါအဝင် မြန်မာနိုင်ငံတွင် လူသိနည်းသည့်Kiteboarding နှင့်Stand Up Paddle (SUP) ကို ခြေလှမ်းသစ်တစ်ရပ်အနေဖြင့် ကျင်းပ၍ မိတ်ဆက်ပေးခြင်း ဖြစ်ကြောင်း။ 

Kiteboarding Sailing သည် မြန်မာနိုင်ငံအတွက် အားကစားနည်း အသစ်တစ်ခုဖြစ်ပြီး၊ စိတ်လှုပ်ရှားစရာကောင်းသည့် အဆိုပါအားကစားနည်း ကို မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍Myanmar Wave Rider Cup and KTA Race Open 2015 ကို ကျင်းပခြင်းဖြစ် ကြောင်း၊ ယခုပြိုင်ပွဲကိုအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်သည်Kiteboard Tour Asia အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း၊ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုး ကူညီ ဆောင်ရွက်ပေးသော ကုမ္ပဏီအဖွဲ့အစည်းများနှင့် ပြိုင်ပွဲဝင်အားကစားသမား များအားလုံးကို မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်အနေဖြင့် အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် Myanmar Wave Rider Cup and KTA Race Open 2015 ဖွင့်ပွဲနှင့် ပြိုင်ပွဲအကြိုဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်လာသူများ အား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး မြန်မာ့ရိုးရာပွဲတော်များတွင် ထင်ရှားသည့် ပွဲတော်တစ်ခုဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့ အထိမ်း အမှတ်အဖြစ် ငွေဆောင်ကမ်းခြေ၌ မီးပုံးပျံများ လွှတ်တင်ကာ သီတင်း ကျွတ်မီးထွန်းပွဲတော်အား ပျော်ရွှင်စွာဖြင့် ဆင်နွှဲကြသည်။
Myanmar Wave Rider Cup and KTA Race Open 2015 သည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ အင်္ဂလန်၊ အမေရိကန်၊ စင်ကာပူနှင့် မြန်မာနိုင်ငံတို့မှ အားကစားသမား ၄၁ ဦး ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်သည်။ ပြိုင်ပွဲတွင် အားကစားနည်းအမျိုးအစားသုံးမျိုး ထည့်သွင်းထား ပြီးWindsurfing ကလပ်ပြိုင်ပွဲအတွက် ငါးဦး Stand Up Paddle (SUP) ကလပ်ပြိုင်ပွဲတွင် ၁၄ ဦး နှင့်Kiteboarding ကလပ်ပြိုင်ပွဲ အတွက် ၂၂ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ရွက်လှေပြိုင်ပွဲကျင်းပသည့် အောက်တိုဘာ ၂၈ ရက်မှ ၃၁ ရက်အထိ Ngwe Saung Yacht Club and Resort တွင် ပြည်သူများ လာရောက် အားပေးကြည့်ရှုနိုင်ရန်Public Access Area သတ်မှတ်စီစဉ်ထားကြောင်း သိရသည်။ (သတင်းစဉ်)

No comments:

Post a Comment