Saturday, October 3, 2015

ဖေ့စ်ဘွတ်တွင် မှတ်ချက်ပေးခဲ့မှု ကမ္ဘောဒီးယားအမတ် အမှုရင်ဆိုင်ရ



The Mirror Daily's photo.


ဖနောင်ပင် အောက်တိုဘာ ၂

ကမ္ဘောဒီးယားနိုင်ငံ၌ အတိုက်အခံ အမတ်တစ်ဦးသည် ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာတွင် မှတ်ချက်ပေးခဲ့ခြင်း နှင့် ပတ်သက်၍ တရားရုံးတွင် အမှုရင်ဆိုင်နေရကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက အောက်တိုဘာ ၂ ရက် တွင် သတင်းထုတ်ပြန်သည်။

အတိုက်အခံပါတီဖြစ်သော ကမ္ဘောဒီးယားအမျိုးသား ကယ်တင်ရေးပါတီမှ အထက်လွှတ်တော်အမတ်တစ်ဦး ဖြစ်သူ ဟောင်ဆွတ်ဟာဝါကို အောက်တိုဘာ ၂ ရက်က ရုံးထုတ်ခဲ့ကြောင်း၊ အာမခံရရှိရန် ၎င်း၏ ပန်ကြားချက်ကို တရားရုံးတော်က ပယ်ချခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

ဟောင်ဆွတ်ဟာဝါသည် သြဂုတ် ၁၅ ရက်တွင် အဖမ်းခံခဲ့ရပြီးချိန်မှစ၍ တရားစီရင်ခြင်းမတိုင်မီ ထိန်းသိမ်းခံထားရပြီး ဆေးဝါးကုသမှုခံယူနိုင်ရန် အာမခံ လျှောက်ထားခဲ့သည်။ တရားသူကြီးအဖွဲ့၏ သဘာပတိ ရော့စ်ပီဆက်က အာမခံလျှောက်ထားမှုအား ငြင်းဆိုရသည့် အကြောင်းတရားများကို ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ တရားခွင်ကို ဖွင့်လှစ်ခဲ့သည်။

အင်တာနက်ရှိ ဖေ့စ်ဘွတ် လူမှုကွန်ရက်ပေါ်တွင် မှတ်ချက်ရေးသားခဲ့မှုများသည် နိုင်ငံတော်သစ္စာဖောက်မှုကို ကျူးလွန်ရာရောက်သည်ဟု ဝန်ကြီးချုပ် ဟွန်ဆန်က စွပ်စွဲခဲ့သည်။ အဆိုပါ အမတ်သည် ဗီယက်နမ်နိုင်ငံနှင့် ရရှိခဲ့သော နယ်စပ်ဒေသဆိုင်ရာ သဘောတူညီချက်နှင့် ပတ်သက်၍ ဝေဖန်ရေးသားခဲ့သည်ဆို၏။

အများပြည်သူဆိုင်ရာ စာလွှာစာတမ်းများကို လိမ်လည်မှု၊ စာလွှာစာတမ်းအတု အသုံးပြုမှု၊ မငြိမ် မသက်ဖြစ်စေရန် လှုံ့ဆော်မှုဟူသော စွဲချက်သုံးရပ်ဖြင့် အတိုက်အခံအမတ်ကို တရားစွဲဆိုမည်ဖြစ်ပြီး ပြစ်မှုထင်ရှား တွေ့ရှိရပါက ထောင်ဒဏ် ၁၇ နှစ်အထိ ကျခံရဖွယ်ရှိကြောင်း သတင်းတွင် ဖော်ပြသည်။
ပီတီအိုင်။

No comments:

Post a Comment