Friday, October 2, 2015

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


လွတ်လပ်မျှတသောရွေးကောက်ပွဲ


လာမည့် နိုဝင်ဘာ ၈ ရက်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မည်ဖြစ်သည်။ ဤရွေးကောက်ပွဲကြီးကို မြန်မာ့သမိုင်းတစ်လျှောက် ကောင်းမွန် သော သမိုင်းမှတ်ကျောက်တင်နိုင်မည့် ရွေးကောက်ပွဲကြီးအဖြစ် ကျင်းပပေးရန် ရွေးကောက်ပွဲကော်မရှင်က စီစဉ်လျက်ရှိသည်။ တစ်နည်းအားဖြင့် လွတ်လပ်ပြီးတရားမျှတမှုရှိသော ရွေးကောက် ပွဲကြီးအဖြစ် ကျင်းပပေးသွားရန် စီစဉ်လျက်ရှိသည်။
လွတ်လပ်သည်ဆိုရာတွင် ရွေးကောက်ပွဲတွင် ပါဝင် ဆောင်ရွက်သူ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့် တာဝန်ရှိသူ များ၊ ရွေးကောက်ခံပါတီကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒ ရှင်ပြည်သူများ၊ မီဒီယာများ စသည်ဖြင့် ပါဝင်ဆောင်ရွက်သူတိုင်းက ဥပဒေကျင့်ဝတ်များနှင့်အညီ လွတ်လပ်စွာဆောင်ရွက်နိုင်မည့် ရွေးကောက်ပွဲကြီးဖြစ်ပါသည်။
ထို့အတူ မျှတသည်ဆိုရာတွင်လည်း ရွေးကောက်ပွဲတာဝန် ရှိသူများက မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းကိုမျှ ဘက်လိုက်မှုမရှိဘဲ အရှိကိုအရှိအတိုင်း၊ အမြင်ကိုအမြင်အတိုင်း၊ ပွင့်လင်းမြင်သာမှု အရှိဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်လျက်ရှိပါ သည်။ ဤသို့လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲကြီးအဖြစ် ကျင်းပရန်မှာ ရွေးကောက်ပွဲကော်မရှင် တစ်ခုတည်းနှင့် ဆောင်ရွက်၍ ရနိုင်မည်မဟုတ်ပါ။ အားလုံး ပူးပေါင်းဆောင်ရွက်နိုင်မှ အောင်မြင်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့်လည်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက စက်တင်ဘာ ၂၉ ရက်တွင် ကျိုင်းတုံမြို့၌ ကျင်းပသည့် နိုင်ငံရေး ပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီး အား လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် ဥပဒေနှင့်အညီ ကျင်းပပေးမည်ဖြစ်ကြောင်း၊ လွတ်လပ်တရား မျှတသည့်ရွေးကောက်ပွဲကို ကော်မရှင်တစ်ခုတည်းနှင့် ဆောင် ရွက်၍မရနိုင်ဘဲ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ် လောင်းများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၊ မီဒီယာများနှင့် ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ရွေးကောက်ပွဲဟူသည် ပြည်သူလူထု၏ အချုပ်အခြာအာဏာ ကို နိုင်ငံတစ်ဝန်းပျံ့နှံ့စေရန်အတွက် လူထုဆန္ဒနှင့်အညီ လူထု ကိုယ်စားလှယ်ရွေးချယ်တင်မြှောက်သည့်လုပ်ငန်းစဉ် ဖြစ်ပါ သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထမ်းဆောင်မည့် လွှတ်တော်ကိုယ်စားလှယ်များသည် အရည်အချင်းရှိသူများဖြစ်ရန် လိုပါသည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့ရပ်ရွာဒေသ ကို အမှန်တကယ် ရဲရဲဝံ့ဝံ့ပြောဆိုလုပ်ကိုင်နိုင်သူများကို ရွေးချယ်ပေးရမည်ဖြစ်ပါသည်။ ရပ်ရွာတိုးတက်မှဒေသတိုးတက် မည်ဖြစ်ပါသည်။ ဒေသအားလုံးဖွံ့ဖြိုးမှ နိုင်ငံလည်းတိုးတက် မည်ဖြစ်ပါသည်။ ထို့ကြောင့် အရည်အချင်းပြည့်ဝသော လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ပေးရန်မှာ မဲဆန္ဒရှင် ပြည်သူများ၏ တာဝန်သာဖြစ်ပါသည်။ သို့ပါ၍ ဤသို့ မှန်ကန် ဖြောင့်မတ်သော လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ် ပေးနိုင်ရန် တာဝန်ရှိသူအသီးသီးနှင့်ပြည်သူအပေါင်းက လွတ်လပ် မှုနှင့်တရားမျှတမှုအရှိဆုံးဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းအားထုတ် ကြရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment