Friday, October 30, 2015

နိုင်ငံတော်အစိုးရအနေဖြင့် ကဏ္ဍအလိုက်ပြုပြင်ပြောင်းလဲဆောင်ရွက်ခဲ့




The Mirror Daily's photo.


နေပြည်တော် အောက်တိုဘာ ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးအုန်းမြင့်၊ ဒေါက်တာသန်းအောင်၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီခွဲတွင် အထူးလေယာဉ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ရောက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များဖြင့် ငပုတောမြို့သို့ ဆက်လက်ထွက်ခွာရာ ဒေသခံပြည်သူများက လမ်းတစ်လျှောက်မှ သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် ငပုတောမြို့သို့ ရောက်ရှိကြရာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ဒေသခံပြည်သူများက လမ်းဘေးဝဲယာမှ ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိရာ တာဝန်ရှိသူများက မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ငပုတောမြို့ရှိ ရွှေမြင်တင်ဘုရားအား သွားရောက်ဖူးမြော် ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ရေယာဉ်ဖြင့် အုပ်ရှစ်ကွင်းကျေးရွာသို့ ရောက်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ငပုတောမြို့ တစ်ဖက်ကမ်း အုပ်ရှစ်ကွင်းကျေးရွာမှ ပုသိမ်-မော်တင်လမ်း မိုင်တိုင်အမှတ် (၃၈)သို့ ဆက်သွယ်သည့် အရှည် ၁၂ မိုင်ရှိ အုပ်ရှစ်ကွင်း-သဇင်ကွင်း-ပုသိမ်-မော်တင် ကျောက်ချောလမ်း ဖောက်လုပ်ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် အုပ်ရှစ်ကွင်းကျေးရွာ၌ လာရောက်ကြိုဆိုနှုတ်ဆက်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ငပုတောမြို့နယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတားနှင့် ဆက်သွယ်ရေးကဏ္ဍများ၊ လျှပ်စစ်မီးရရှိရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ နိုင်ငံတော်အစိုးရအနေဖြင့် ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ခဲ့မှုများနှင့် ရရှိခဲ့သည့် အောင်မြင်မှုရလဒ်များကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများအနေဖြင့်လည်း မိမိတို့ဒေသ ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် မျိုးဆက်သစ်များကို ပညာတတ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန်နှင့် မိမိတို့ရရှိပြီးဖြစ်သော တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ ရလဒ်ကောင်းများကို ဆက်လက်ရှင်သန် တိုးတက်စေရေး နိုင်ငံတော်အစိုးရနှင့်အတူ တက်ညီလက်ညီဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပုသိမ်မြို့သို့ ပြန်လည်ရောက်ရှိကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြကျွန်းသာအိမ်ရာစီမံကိန်းလုပ်ငန်းခွင်၌ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
(သတင်းစဉ်)

No comments:

Post a Comment