Friday, October 2, 2015

ကြေးမုံစာတည်းရှုထောင့်





လွတ်လပ်၍တရားမျှတ

ရွေးကောက်ပွဲဆိုသည်မှာ အများသဘောဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အမှုဆောင်လူကြီးရွေးကောက်ပွဲ၊ စည်ပင်သာယာရွေးကောက်ပွဲ၊ အသင်းအဖွဲ့အလိုက် ရွေးကောက်ပွဲ၊ ဒီမိုကရေစီရွေးကောက်ပွဲဟူ၍ ရွေးကောက်ပွဲအမျိုးမျိုးကို ကျင်းပကြသည်။ ရွေးကောက်ပွဲတိုင်းသည် လွတ်လပ်၍ တရားမျှတစွာဖြင့် ရွေးကောက် တင်မြှောက်ကြသည်။

မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများသည် ပြည်သူလူထု၏ အချုပ်အခြာအာဏာကို နိုင်ငံတစ်ဝန်းပျံ့နှံ့စေရန်အတွက် လူထုဆန္ဒနှင့်အညီ လူထုကိုယ်စားလှယ်များအား ရွေးချယ်တင်မြှောက်သည့် လုပ်ငန်းစဉ်ဖြစ်သောကြောင့် ရွေးကောက်ပွဲအမျိုးမျိုးရှိသည့်အနက် အမြင့်ဆုံးရွေးကောက်ပွဲဖြစ်သည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထမ်းဆောင်ရမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် နိုင်ငံ့အကျိုးကို ထမ်းရွက်ကြမည့်သူများဖြစ်၍ အရည်အချင်းရှိသူများ ဖြစ်ရန်လိုသဖြင့် မဲပေးခွင့်ရှိသောပြည်သူများက နှလုံးသားနှင့် ဦးနှောက်ပေါင်းစပ်ပြီး လူတော်လူကောင်းများကို ရွေးချယ် တင်မြှောက်တတ်ရန် လိုပေသည်။

ရွေးချယ်တင်မြှောက်ပွဲမကျင်းပမီ၊ ကျင်းပဆဲနှင့် ကျင်းပပြီးကာလ များတွင် မဲဆန္ဒရှင်ပြည်သူများ၏ အခန်းကဏ္ဍမှာ အရေးကြီးသလို မီဒီယာများ၏ကဏ္ဍမှာလည်း အထူးအရေးပါသည်။ မီဒီယာများသည် ပါတီများ၏ မူဝါဒများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ထုတ်ဖော်ချက်များကို ထုတ်လွှင့်ဖော်ပြကြရာတွင် ဘက်လိုက်မှုမရှိဘဲ မှန်မှန်ကန်ကန် မျှမျှတတရေးသားထုတ်လွှင့်ကြဖို့လိုပေသည်။

ပါတီများ၏လုပ်ဆောင်မှုများကို စောင့်ကြည့်ပြီး မှန်မှန်ကန်ကန် မျှမျှတတတည့်မတ်ပေးခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုပေသည်။ တစ်ဖက်ဖက်ကို ဘက်လိုက်ပြီး အဆိုးမြင်ဆန့်ကျင်ခြင်း၊ ပူးပေါင်းပါဝင်ခြင်းတို့ မရှိပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံပိုမိုကောင်းမွန်လာရေးအတွက် ရရှိလိမ့် မည်မဟုတ်ချေ။

မြန်မာနိုင်ငံအနေဖြင့် အမြင့်ဆုံးဖြစ်သော ပါတီစုံဒီမိုကရေစီရွေးကောက် ပွဲကို နှစ်ပေါင်း ၆၇ နှစ်အတွင်း ရွေးကောက်ပွဲအတွေ့အကြုံ ငါးကြိမ်သာ ရရှိခဲ့ဖူးသည်။ ထိုရွေးကောက်ပွဲများနှင့် အလှမ်းဝေးခဲ့သဖြင့် ရွေးကောက်ပွဲ များ၏ အရေးကြီးမှုနှင့် အနှစ်သာရများကို စေ့စပ်သေချာစွာ နားလည်သဘော ပေါက်နိုင်မှု အားနည်းနေဦးမည်ဖြစ်သည်။

ယခုကျင်းပမည့် ရွေးကောက်ပွဲများမှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ ကျယ်ပြန့်နက်ရှိုင်းပြီး ယခင်ရွေးကောက်ပွဲ အတွေ့အကြုံများကိုလေ့လာကာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခြင်းဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။ ယင်းသို့ဆောင်ရွက်ရာတွင် မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် စီမံချက်ချ ဆောင်ရွက်ခဲ့သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအရ မဲစာရင်း အမှားအယွင်း အားနည်းချက်များရှိခဲ့သည်။

မဲစာရင်းအမှားအယွင်းများရှိခဲ့သော်လည်း မဲစာရင်းကြေညာချိန်တွင် လာရောက်ကြည့်ရှုပြီး ဖြည့်စွက်၊ ပြင်ဆင်၊ ပယ်ဖျက်မှုများပြုလုပ်ပါက မဲစာရင်းအမှန် ရရှိလာမည်ဖြစ်၍ အပြုသဘောဆောင်သော ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဆောင်ရွက်ကြရမည်ဖြစ်သည်။ အကယ်၍ မဲစာရင်း မှားယွင်းခဲ့သော်လည်း မဲပေးခွင့်မဆုံးရှုံးနိုင်သည်ကို နားလည်သိရှိထား ရမည်ဖြစ်သည်။ မဲပေးပိုင်ခွင့်ရှိသူ အမှန်ဖြစ်ကြောင်း တာဝန်ခံပြောကြား သူရှိလျှင် ပြင်ဆင်ရေးမှတ်၍ မဲပေးခွင့်ပြုရမည်ဟု ဥပဒေတွင်ပြဋ္ဌာန်း ထားပြီးဖြစ်သည်။ သို့သော် မဲစာရင်းတွင် အမည်ရှိပြီးဖြစ်မှသာ မဲပေးခွင့်၊ ရွေးကောက်ခံပိုင်ခွင့်ရှိသည်။

ကြိုတင်မဲပေးခြင်းကိုလည်း ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးထား သည်ကို တွေ့ရသည်။ ဥပဒေ၊ နည်းဥပဒေတို့ကို သိရှိပြီး လိုက်နာအကာ အကွယ်ယူပါက ကြိုတင်မဲပေးခြင်းအပေါ် သံသယဖြစ်ဖွယ် အကြောင်း မရှိချေ။ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင် သက်သေခံလက်မှတ် များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲစာရင်းတွင်ပါရှိသူတိုင်းအား ထုတ်ပေးသွားမည်ဟုသိရသည်။

သို့ဖြစ်ရာ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရရှိထားသော အတွေ့အကြုံများဖြင့် အခက်အခဲများကြားမှ အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ပေးနေသည်ကို မြင်တွေ့ရပေရာ မဲပေးပိုင်ခွင့်ရှိသူ အားလုံး နိုင်ငံနှင့်ပြည်သူအကျိုးအတွက် တက်တက်ကြွကြွပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။

No comments:

Post a Comment