Friday, October 2, 2015

ဆီးရီးယားနိုင်ငံတွင် ရုရှားလေကြောင်းပါဝင်ပတ်သက်မှုအပေါ် အမေရိကန်စိုးရိမ်



The Mirror Daily's photo.
နယူးယောက် အောက်တိုဘာ ၁

ဆီးရီးယားနိုင်ငံအတွင်း မည်သည့်မတော်တဆ ပစ်ခတ်မှုမျိုးကိုမဆို ရှောင်ရှားနိုင်စေရန် အမေရိကန်နှင့် ရုရှားတပ်မတော်တို့ ဆွေးနွေးကြမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလပ်ဗရော့ဗ်တို့က သဘောတူညီခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးက နယူးယောက်မြို့တွင် သီးသန့်တွေ့ဆုံစဉ် ဆီးရီးယားနိုင်ငံအတွင်း ရုရှားလေကြောင်း ပါဝင်ပတ်သက်မှုအပေါ်အမြင်ချင်းဖလှယ်ခဲ့ကြသည်။

ရုရှားတပ်မတော်သည် ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ် စစ်သွေးကြွများကို အဓိကချေမှုန်းလျက်ရှိကြောင်းနှင့် ရုရှားနိုင်ငံအနေဖြင့် ဆီးရီးယားသမ္မတ အာဆတ်ကို ထောက်ခံပြီး အမေရိကန်နှင့် အခြားနိုင်ငံအများအပြားက အာဆတ်ကို ဆန့်ကျင်ကြကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး က ဆိုသည်။

ဆီးရီးယားနိုင်ငံတွင်ရှိသည့် ရုရှားလေကြောင်းတပ်ဖွဲ့သည် အိုင်အက်စ်စစ်သွေးကြွများကို အဓိကထား မတိုက်ခိုက်ဘဲ အခြားသောအဖွဲ့အစည်းများကိုသာ အဓိကထား တိုက်ခိုက်မည်ကိုစိုးရိမ်မိကြောင်း ဂျွန်ကယ်ရီက မီဒီယာများကို ပြောကြားသည်။

ရုရှားလေကြောင်းတပ်ဖွဲ့သည် ဆီးရီးယားအစိုးရ၏ အကူအညီ တောင်းခံထားမှုကြောင့် ဆီးရီးယားနိုင်ငံအတွင်း တရားဝင်တိုက်ခိုက်ရေးဆင်နွှဲခြင်းဖြစ်ကြောင်း ရုရှားဝန်ကြီးက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဆီးရီးယားအစိုးရ၏သဘောထားအပေါ် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးနှစ်ဦးတို့က သဘောတူညီခဲ့ကြသည်။

ဆီးရီးယားနိုင်ငံအတွင်း ရုရှားလေကြောင်းတိုက်ခိုက်မှု ပါဝင်ပတ်သက်လာခြင်းသည် ဆီးရီးယားနိုင်ငံ၏ နိုင်ငံရေး အခြေအနေများကို ပိုမိုရှုပ်ထွေးသွားစေနိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက ထင်ကြေးပေးကြသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment