Friday, October 30, 2015

30.10.2015...ကြေးမုံ စာတည်းရှုထောင့်






နေထိုင်စားသောက်မှုပုံစံကိုပြုပြင်




မျက်မှောက်ကာလတွင် အများပြည်သူစားသောက်ရန်အတွက် ရောင်းချကြသော အစားအစာများမှာ ကျန်းမာရေးနှင့်ညီညွတ်မှုမရှိသည့် အနေအထားများကို မြင်တွေ့ကြားသိလာရပါသည်။ စားသုံးသူများမှာ အပြစ်ကင်းစင်သော၊ မသိနားမလည်သောသူများ ဖြစ်ကြပါသည်။ ရောင်းချသူများမှာ သိသိနှင့်သော်လည်းကောင်း၊ မသိလိုက်၍သော်လည်းကောင်း ရောင်းချကြသူများဖြစ်ပါသည်။ အကျိုးဆက်မှာ စားသုံးသူများ ကျန်းမာရေး တစ်စတစ်စထိခိုက်လာခြင်းဖြစ်ပါသည်။

စားသုံးသူများအနေဖြင့် မိမိ၏ဝမ်းမီးအတွက် အစာစားရာတွင် သင့်၏၊ မသင့်၏ မဆင်ခြင်နိုင်ဘဲ တော်သင့်သောအရသာ၊ သက်သာသော ဈေးနှုန်းတို့ရှိမည်ဆိုပါက အချိန်မရွေး၊ နေရာမရွေး ဝယ်ယူစားသောက် တတ်ပါသည်။ ကျန်းမာရေးနှင့်ညီညွတ်ကြောင်း၊ သန့်ရှင်းသော အစားအစာဖြစ်ကြောင်း ဆင်ခြေကန်မနေတတ်ပါ။ ထိုစားသုံးသူတို့၏ အားနည်းချက်ကြောင့် အစားအစာအရည်အသွေးစစ်ဆေးရေးကို လုပ်မပေးလည်း အကြောင်းမဟုတ်သည့် အခြေအနေဖြစ်လာပါသည်။

ယခုအခါ အစားအသောက်များမှ ဘေးထွက်ဆိုးကျိုးများ စားသုံးသူများအား ရိုက်ခတ်လာသဖြင့် တာဝန်ရှိသူများက အလေးထားဆောင် ရွက်မှုများရှိလာပါသည်။ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန အစားအသောက်လုံခြုံစိတ်ချမှုဆိုင်ရာ လုပ်ငန်းအဖွဲ့က နိုဝင်ဘာလတွင် ဈေးကွက်အတွင်း ရောင်းချနေသည့် သောက်ရေသန့်များနှင့်စားသုံး ဆီများကို ရှောင်တခင်စစ်ဆေးသွားမည်ဟု ကြားသိလိုက်ရသောကြောင့် စားသုံးသူများဘက်မှ အားတက်မိပါသည်။

အစားအသောက်လုံခြုံစိတ်ချမှုရှိရေးသည် ပြည်သူများကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် အလွန်အရေးကြီးသောအချက်ဖြစ်ပါသည်။ အစားအသောက်နှင့်ပတ်သက်၍ ပြည်သူများသတိမမူတတ်လျှင်လည်း သတိမူတတ်အောင်၊ ဘေးကင်းစွာဖြင့် စားသောက်နိုင်အောင် ဆောင်ရွက်ပေးရမည်မှာ သက်ဆိုင်ရာတို့၏ အလုပ်ဖြစ်ပါသည်။ ပြည်သူများမှာ ၎င်းတို့၏အလုပ်မဟုတ် သဖြင့် စားမြဲစား၊ သောက်မြဲသောက်နေကြမည်သာဖြစ်သည်။

သက်ဆိုင်ရာက ပြည်သူများအား ရောင်းချသော အစားအသောက်များကို စဉ်ဆက်မပြတ် ကြပ်မတ်စစ်ဆေးပေးနေပါက ရောင်းချသူများအနေဖြင့် ဘေးကင်းသောအစားအစာများကိုသာ ရောင်းချကြမည်ဖြစ်သလို ပြည်သူများကလည်း စိတ်ချယုံကြည်စွာဖြင့် စားသောက်ကြပြီး ကျန်းမာသောလူမှုဘဝ ရှင်သန်မှုကို ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။

ယခုအခါ စားသုံးသူပြည်သူများအနေဖြင့် မိမိတို့၏ မအားလပ်သော အခြေအနေများကို အကြောင်းပြု၍ ပြင်ပအစားအစာများကို အားထား စားသောက်နေရသည်ကို တွေ့ရပါသည်။ တစ်ချိန်သောကာလက ပြည်သူ များအနေဖြင့် ပြင်ပမှ အစားအစာများကို စားသောက်ခဲကြပါသည်။ နံနက်စာဖြစ်စေ၊ အားလပ်ချိန်အစာဖြစ်စေ မိမိတို့နေအိမ်တွင်ပင် မိမိတို့ စိတ်ကြိုက် ချက်ပြုတ်စားသောက်တတ်ကြပါသည်။ ထိုအခါ ရောဂါဘယဖြစ်ပွားမှု နည်းပါးခဲ့ကြပါသည်။

ယခုအခါ နံနက်စာ၊ နေ့လယ်စာ၊ ညနေစာ၊ ညစာသာမက အားလပ် ချိန်အစာများအတွက်ပါ ပြင်ပသို့ထွက်၍ စားသောက်တတ်သည့် အစားအသောက်ယဉ်ကျေးမှုတစ်ရပ် ဖြစ်လာပါသည်။ ထိုသို့စားသောက်ခြင်းဖြင့် ကျန်းမာရေးနှင့်မညီညွတ်သည့် အစားအသောက်များနှင့် ကြုံတွေ့နိုင်သလို ဝင်ငွေနှင့်ထွက်ငွေ မညီမျှဘဲ စီးပွားရေးယိုပေါက်တစ်ခုလည်း ဖြစ်လာနိုင်ပါသည်။

မိမိတို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်အောင် ထူထောင်နေသောအခါဝယ် တစ်ဦးချင်းဝင်ငွေမြင့်မားရေးနှင့် ကျန်းမာစွာနေထိုင်နိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ခြိုးခြံချွေတာရေး မူဝါဒကို ကျင့်သုံးသင့်ပါသည်။ ထိုသို့ ကျင့်သုံးသောအားဖြင့် ဝင်ငွေယိုဖိတ်မှု မရှိသည့်အပြင် ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှုဘဝကို ရရှိလာနိုင်မည်ဖြစ်ပါသည်။

သို့ဖြစ်ရာ ရောဂါဘယကင်းစင်ပြီး ကျန်းမာစွာနေထိုင်နိုင်ရေးနှင့် ချွေတာစုဆောင်းရေး အလေ့အကျင့်ကောင်းများကို ရရှိပိုင်ဆိုင်နိုင်ရန် အတွက် မိမိတို့၏ နေ့စဉ်စားသောက်မှုပုံစံများကို ပြင်ဆင်ဆောင်ရွက် တတ်စေရန် တိုက်တွန်းအပ်ပါသည်။ ။

No comments:

Post a Comment