Tuesday, September 29, 2015

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအားတာဝန်ချိန်သုံး ကျဉ်စက်များထုတ်ပေး




The Mirror Daily's photo.


ရန်ကုန် စက်တင်ဘာ ၂၈

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းဆောင်ရွက်ရာတွင် တချို့သော စည်းကမ်းဖောက်ဖျက်သူများသည် အရေးယူမှုကို အသာတကြည်ခံယူမှုမရှိဘဲ တာဝန်အရ တရားဥပဒေနှင့်အညီ စစ်ဆေးမေးမြန်းသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား ကိုယ်ထိလက်ရောက်ပြုမှုများ ရှိလာသည်ကို တွေ့မြင် သိရှိနေရသည်။

အဆိုပါ ကိုယ်ထိလက်ရောက် ကျူးလွန်သူများကို ခုခံနိုင်ရန်နှင့် အသက်အန္တရာယ်ပြုမူမှုများအတွက် ကာကွယ်နိုင်ရန် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် အမျိုးသား၊ အမျိုးသမီးများအား ကျဉ်စက်များ ထုတ်ပေးထားကြောင်း သိရသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းဆောင် ရွက်ရာတွင် ကျဉ်စက်များ အသုံးပြုမှုနှင့်စပ်လျဉ်း၍ တာဝန်ရှိသူတစ်ဦးက ''တပ်ဖွဲ့ဝင်တွေ တာဝန်ထမ်းဆောင် တဲ့အခါ ရောင်ပြန်မီးချောင်းကို ဝဲဘက်ခါးမှာ ချိတ်ထားရမယ်။ စကားပြောစက်နဲ့ နံပါတ်တုတ်ကိုတော့ ညာဘက် ခါးမှာချိတ်ပြီး တာဝန်ထမ်းဆောင်ရပါတယ်။ ယူနီဖောင်းကိုလည်း သပ်ရပ်စွာ ဝတ်ဆင်ထားရမယ်။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁ဝဝ အရ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခုခံပိုင်ခွင့် ရှိရမယ်။ ပုဒ်မ ၁ဝဝ မှာ အချက် (၆)ချက်ရှိတယ်။ တပ်ဖွဲ့ဝင် တွေကိုလည်း ရှင်းလင်းချပြထားတယ်။ ပုဒ်မ ၁ဝဝ အရ ကာကွယ်ခုခံပိုင်ခွင့်ရှိတဲ့ ဒီပစ္စည်းကို မိမိအသက်အန္တရာယ် ကာကွယ်ဖို့အတွက် သုံးစွဲရမယ်။ သာမန်အချိန်မှာ ကင်းလှည့်တာဆိုရင် နံပါတ်တုတ်၊ လျှပ်စစ်ဓာတ်မီး အနေနဲ့လည်း သုံးစွဲနိုင်ပြီး လိုအပ်ရင် ကျဉ်စက်အနေနဲ့ သုံးနိုင်တယ်။ အရှည်တစ်ပေခွဲလောက်ရှိပါတယ်။ တော်ရုံ တန်ရုံ လက်နက်နဲ့လာရင် အဟန့်အတားတစ်ခုဖြစ်တယ်။ ရဲတပ်ဖွဲ့ဝင် အမျိုးသမီးတွေအတွက် ကျဉ်စက်က ရှစ် လက်မ၊ ၁ဝ လက်မ လောက်ရှိတယ်။ အားသွင်းလို့ရတယ်။ မလိုအပ်လို့ ပါဝါပိတ်ထားရင် ဘာမှအန္တရာယ်မရှိဘူး။ ခါးမှာချိတ်ထားရမယ်။ အသက်အန္တရာယ်အတွက် အပြင်းအထန် အနေအထားတစ်ခုဖြစ်လာရင် မိမိကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်အနေနဲ့ ထည့်ပေးထားတာပါ။ ဒါကြောင့် တပ်ဖွဲ့ဝင်တွေအတွက် ထုတ်ပေးထားတာပါ။ ဘယ်အချိန်မှာ သုံးရမယ်ဆိုတာလည်း ပြောပြထားပါတယ်''ဟု ရှင်းလင်းပြောကြားသည်။

ယခုအခါ အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး အောက်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့အတွက် ကျဉ်စက် စုစုပေါင်း ၆၅ဝ ကို အချိုးကျ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ ဝင်များကလည်း ဥပဒေနှင့်အညီ စည်းကမ်းသတ်မှတ်ချက်အတိုင်း လိုက်နာအသုံးပြုလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
(သတင်းနှင့်ဓာတ်ပုံ-ဥမ္မာသန့်)

No comments:

Post a Comment