Tuesday, September 29, 2015

တောင်သမန်အတွက် မနက်ဖြန်များ



The Mirror Daily's photo.
သတင်းဆောင်းပါး - သပြေ

ယိုယွင်းစပြုလာပြီဖြစ်သော တောင်သမန်အင်းနှင့် တောင်သမန်တံတား၏ ရုပ်သွင်ကို ယမန်နှစ်ကတည်းက သတိပြုမိလာသည်။ သဘာဝတရား၏ ဖောက်ပြန်မှုသဘောအတိုင်း ပျိုရာမှ အို၊ သစ်ရာမှ ဟောင်းကြရစမြဲ။

တောင်သမန်တံတား(ခေါ်) ဦးပိန်တံတားကြီး သစ်လွင်ခဲ့စဉ်က လန်းဆန်း တက်ကြွမှု၊ ဣနြေ္ဒကြီးစွာ တည်ရှိမှု၊တံတားကြီး၏ အလှနှင့် တောင်သမန်အင်း၏ သဘာဝတရားတို့ လိုက်ဖက်တင့်တယ်မှုဖြင့် ပနံရစွာတည်ရှိမှု၊ ယဉ်ကျေးမှု အမွေအနှစ်ဝင် ရှေးဟောင်းသစ်သားတံတားကြီးအဖြစ် ''မြန်မာ'' သာမက ကမ္ဘာကျော်သည်အထိ ထင်ရှားကျော်ကြားမှု၊ စိတ်ချမ်းမြေ့ဖွယ် အပန်းပြေစေမှု နှင့် ပတ်ဝန်းကျင်တစ်ခုလုံး၏ သွားလာရေးနှင့် စီးပွားရေးအရ အထောက် အကူပြုမှုတို့ကို အတတ်နိုင်ဆုံးဝန်ဆောင်မှုပေးခဲ့ပြီး တာဝန်အလီလီကျေခဲ့ပြီ။

ဦးပိန်တံတားကြီး ရင့်ရော်လာမှုနှင့်အတူ တောင်သမန်အင်းရေပြင် ကျဆင်းလာချိန်တွင် တံတားကြီးကို မူလအနေအထားမပျက်ယွင်းစေဘဲ ရေရှည်တည်တံ့ခိုင်မြဲအောင် ပြုပြင်ထိန်းသိမ်းရန်နှင့် တောင်သမန်အင်း သန့်ရှင်းသာယာလှပစေရန်အတွက် ဖေးမကူညီလုပ်ဆောင်ပေးရမည့်တာဝန်မှာ သက်ဆိုင်သူအားလုံး ဖြစ်လာခဲ့သည်။

ဦးပိန်တံတားကြီး…

''အင်းကအောင်အာ''ဟု တံတားကြီးတည်ဆောက်ခဲ့သည့်(၁၂၁၁)ခုနှစ်ကို လည်းကောင်း၊ ''အင်းကအောင်ညီ''ဟု တံတားကြီး ဆောက်လုပ်ပြီးစီးခဲ့သည့် (၁၂၁၃)ခုနှစ်ကို လည်းကောင်း စာချိုးဖြင့်ဖော်ပြခဲ့မှု၊ ပုဂံမင်းလက်ထက်တွင် အမရပူရမြို့စာရေး မောင်ပိန်က တောင်သမန်ရွာနှင့် ပတ်ဝန်းကျင်ကျေးရွာမှ ပြည်သူများသွားလာမှုအဆင်ပြေစေရန် တောင်သမန်အင်းကိုဖြတ်၍ နှစ်နှစ် ခန့်ကြာ ဆောက်လုပ်ခဲ့မှု၊ စစ်ကိုင်းနှင့် အင်းဝမြို့များမှ နန်းတော်ဟောင်းနှင့် အိမ်တော်ဟောင်းများမှ သစ်သားဟောင်းများကို ပုဂံမင်းက အများပြည်သူအတွက် တံတားဆောက်လုပ်ရန် ခွင့်ပြုခဲ့မှုနှင့် ဘုရင့်စစ်လှေကြီးများ၊ ပြည်ကြီး မွန်စသည့် ဘုရင့်ဖောင်တော်ကြီးများ လွယ်ကူစွာဖြတ်သန်းသွားလာနိုင်စေ ရေး လွယ်ကူစွာဖြုတ်နိုင်၊ တပ်နိုင်ရန် စီမံဆောက်လုပ်ခဲ့မှု၊ ဖောင်လမ်းကြောင်းကိုးခုနှင့် ခရီးသွား များ နားနေနိုင်စေရန် ဇရပ်လေးခု ထည့်သွင်းတည် ဆောက်ခဲ့မှုများကို လေ့လာသိရှိရသည်။

''မြေဝင်တသူ၊ ထူးမှုနှစ်ချက်၊ နှစ်ဖက်ဝရန်တာ၊ ခင်းသုံးလွှာနှင့်'' စာချိုးဖြင့် တံတားတိုင် မြေဝင် ခုနစ်ပေ အနက်နှင့် မြေဝင်တိုင်အဖျားအားချွန်ထားမှု၊ တိုင်ခြေ များကို အပေါက်ဖောက်၍ ထူးနှစ်ချက်ခတ်၊ ဝရန်တာ နှစ်ဘက်ကာ၍ အခင်းသုံးထပ်၊ သုံးလွှာခင်း၍ ဆောက်လုပ်ထားမှု၊ ထုထည်ကြီးမားသောသစ်များ အောက်ခံထားပြီး အခင်းသစ်သားပြား သုံးဆင့်ကို တစ်ခုအပေါ်တစ်ခု ကန့်လန့်ဖြတ်တင်ကာ ဆောက်လုပ်ခဲ့မှုတို့ကို လည်း ကောင်း၊ ''နဝ အဌ ဇယ မောင်ပိန်'' ဟူ၍ တံတားတွင် တိုင်ပေါင်း ၉၈၄ တိုင်ဖြင့် ရှေးခေတ်မြန်မာဗိသုကာ လက်သမားပညာရှင်များက စကေးချိန်၊ မှန်ချိန်မပါဘဲ လက်အတိုင်းအတာ၊ ခြေလှမ်းအတိုင်းအတာတို့ဖြင့်လည်း ကောင်း၊ လှိုင်းဒဏ်၊ လေဒဏ်ခံနိုင်ရန် ဖြောင့်တန်းစွာ မဆောက်လုပ်ဘဲ တောင်ဘက်သို့ ဦးမော့၍ ကွေ့ဝိုက်ကာ ကျင်တွယ်ချိုးသဏ္ဌာန် ဆောက်လုပ်ခဲ့မှုကိုလည်းကောင်း လေ့လာမှတ်သားရသည်။
ခေတ်အဆက်ဆက် ပျက်စီးယိုယွင်းမှုနှင့်အတူ ပြုပြင် ထိန်းသိမ်းမှုပြုလုပ်ခဲ့ရာတွင် တံတားနှစ်ဖက်ထိပ်ရှိ အုတ် တံတားကို ဖြုတ်ပြီး သစ်သားတံတားဖြင့် အစားထိုး ဆောက်လုပ်ခဲ့မှုကြောင့် တံတားတိုင်များ တိုးလာခဲ့ရာ ဇရပ်လေးဆောင်မှ တိုင်များအပါအဝင် တံတားတိုင် စုစုပေါင်းမှာ ၁ဝ၈၆ တိုင်အထိ ရှိလာခဲ့ပြီး မြန်မာနိုင်ငံ၏ အရှည်ဆုံးသစ်သားတံတားအဖြစ် ရပ်တည်လျက်ရှိသည်။

''ဒုတိယကမ္ဘာစစ်ပြီးကာလ ၁၉၄၆ ခုနှစ်က တောင် သမန်အင်း ရေအလွန်ကြီးပြီး ဦးပိန်တံတားကြီး ရေနစ်မြုပ် ခဲ့ဖူးပါတယ်။ တံတားတိုင်လုံးနဲ့ တံတားအခင်းတွေ ရေစီးနဲ့ မျောပါပျက်စီးခဲ့တာကြောင့် တောင်သမန်ရွာမှာနေတဲ့ အမရပူရအမတ် ဦးဘသီက ပြုပြင်ခဲ့တယ်''ဟု အမရပူရ မြို့နေ အသက်(၈၄)နှစ်အရွယ်ရှိ ကျောင်းအုပ်ဆရာကြီး အငြိမ်းစား ဦးအောင်ငွေက ပြောသည်။

တောင်သမန်တံတားကြီးကို ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့ရာတွင် ၁၉၆၇ ခုနှစ်တွင် ကျေးလက်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တံတားအရှေ့ ဘက်ပိုင်းရှိ အခန်းပေါင်း ၅ဝ အရှည်ပေ ၅ဝဝ ကိုလည်း ကောင်း၊ ၁၉၇၃ နှင့် ၁၉၈၈ ခုနှစ်များတွင် ရေကြီးသဖြင့် အမရပူရမြို့ရှိ မဟာဂန္ဓာရုံ ဆရာတော်ကြီး ဦးဆောင်၍ တာဝန်ရှိသူများနှင့် အလှူရှင်များ ပူးပေါင်း၍ တံတား အခန်းပေါင်း ၈ဝ ခန့်ကိုတစ်ကြိမ်၊ ၄၅ ခန်းခန့်ကို တစ်ကြိမ်စီ ဖြင့် ပြုပြင်ခဲ့ရာတွင် အချို့နေရာများ၌ သံကူကွန်ကရစ် တံတားများဖြင့် အစားထိုး၍ ပြုပြင်ခဲ့ကြောင်း သိရသည်။

''ရှေးဟောင်းသုတေသန ခွင့်ပြုရန်ပုံငွေမှ ၁၉၉၉-၂ဝဝဝ ဘဏ္ဍာရေးနှစ်မှာ ငွေကျ
၏ပ် ၁ဝ သိန်း၊ ၂ဝဝဝ-၂ဝဝ၁ ဘဏ္ဍာရေးနှစ်မှာ ငွေကျပ် သုံးသိန်း၊ ၂ဝဝ၄ ခုနှစ်ထဲမှာ ငွေကျပ် ၃၅၅ ဒသမ ၇ သိန်း ခွင့်ပြုခဲ့ပြီး ယိုင်နေတဲ့ သစ်သားတိုင်နဲ့ ကြမ်းခင်းတွေ ပြန်လည်တည့်မတ်တာ၊ ဆွေးမြည့်နေတဲ့ ရက်မနှင့်ဆင့်တွေမှာ အစားထိုးပြုပြင်တာ၊ တံတားကြမ်းခင်းဟောင်းတွေမှာ သံချက်ကြွနေတာကို ထပ်မံသံရိုက်တာ၊ ကျွန်းတိုင်တွေ ဆက်ပြီး ပြုပြင်ခဲ့တာ တွေကို မှတ်တမ်းတွေမှာ လေ့လာတွေ့ရှိရပါတယ်''ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ပြောကြားသည်။

ထို့အပြင် ဦးပိန်တံတား ပြုပြင်ခဲ့မှုများတွင် ၂ဝဝ၅-၂ဝဝ၆ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် သိန်း ၁၇ဝ၊ ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၄၈ ဒသမ ၅ သိန်း၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၁၃၄ သိန်းတို့ ခွင့်ပြုချက်ရရှိခဲ့ပြီး တံတားတိုင်များ အစားထိုးလဲလှယ်ခြင်း၊ ဖြတ်ဆက်ခြင်း၊ တည့်မတ်ခြင်း၊ ချုပ်တန်း၊ ထောက်တန်း၊ ရက်မ၊ ဆင့်၊ ကြမ်းခင်းများ လဲလှယ်ခြင်း၊ ဇလီသတ်ခြင်း၊ လက်ရန်းများတပ်ဆင်ခြင်း၊ အခန်းနံပါတ်များ ရေးထိုး ခြင်းများအပြင် အများပြည်သူ လှူဒါန်းငွေများဖြင့်လည်း ဆွေးမြည့်ပျက်စီးသည့် တံတားကြီး၏ ရက်မ၊ ဆင့်နှင့် ကြမ်းခင်းလဲလှယ်ခြင်းများကို အခါအားလျော်စွာ ပြုပြင် ခဲ့ပြီး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

''ဦးပိန်တံတားကြီးကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းတဲ့ လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ရမှာပါ။ အခု တံတားကြီးမှာ ဆွေးမြည့်နေတဲ့ တံတားတိုင် ၁ဝဝ လဲလှယ် ဖို့၊ အောက်ခြေဆွေးမြည့်နေတဲ့ တံတားတိုင် ၁၇ တိုင် ဖြတ်ဆက်ပြုပြင်ဖို့၊ ဆွေးမြည့်ပျက်စီးနေတဲ့ တိုင်အခေါင်း ၄၆ တိုင်ကို အစားထိုးဆက်ပြီး ပြုပြင်ဖို့၊ ဆွေးမြည့်နေ တဲ့တံတား ရက်မ ၃၅ ချောင်း လဲလှယ်ဖို့၊ တံတားလက်ရန်း ပေအရှည် ၂ဝဝ ခန့် ပြုလုပ်ဖို့၊ သစ်သားခါးပန်းများ ထည့် သွင်းပြုလုပ်ဖို့ လိုအပ်နေပါသေးတယ်''ဟု ဦးညိုမြင့်ထွန်း က ဆက်လက်ပြောကြားသည်။

တောင်သမန်တံတားကြီးမှ ကွန်ကရစ်တံတား လက်ရမ်းများတွင်လည်း အင်္ဂတေအချောကိုင် ပြုပြင်ရန်၊ ကွဲအက်နေသော တိုင်ခေါင်းများကို စတီးပြားများဖြင့် ခါးပတ်ပြုလုပ်ထိန်းသိမ်းရန်၊ တောင့်တင်းခိုင်မာမှုရှိစေရေး ချုပ်တန်းနှင့် ထောက်တန်းများ ထည့်သွင်းပြုလုပ်ရန်အပြင် တံတားအောက်ဘက်ခြမ်းမှ ၁၅ ပေခန့်အကွာအထိ လုံခြုံရေးရှုထောင့်အရ လျှပ်စစ်မီး သွယ်တန်းတပ်ဆင် ရန်လည်း လိုအပ်ကြောင်း သိရှိရသည်။

တောင်သမန်အင်း …

လွန်ခဲ့သော နှစ် ၁ဝဝ ခန့်က အင်းအကျယ်မှာ ဧက ၂၅ဝဝ ခန့် ရှိခဲ့ရာမှ ယခုအခါ မိုးများချိန်တွင် ဧက ၁၈ဝဝ ခန့်၊ ရေအနက် ကိုးပေမှ ၁၅ ပေအထိ ရှိသော်လည်း ပွင့်လင်းရာသီတွင်မူ ဧက ၈ဝဝ မှ ၁ဝဝဝ ခန့်ထိ လျော့ ကျလာခဲ့သည်။

ယခင်က ဒုဋ္ဌဝတီမြစ်နှင့် ဧရာဝတီမြစ်တို့မှ တောင်သမန် အင်းသို့ တိုက်ရိုက်ရေဝင်ရောက်ခဲ့ရာ သဘာဝတိုင်းရင်း 
၏ငါးမျိုးများ ပေါများသဖြင့် ပတ်ဝန်းကျင်ရှိ ကျေးရွာ ၁၃ ရွာမှ ဒေသခံပြည်သူများမှာ ငါး/ပုစွန် ရှာဖွေ၊ ရောင်းချ မှုများ လုပ်ကိုင်ကြသည်။

ကမ္ဘာနှင့်အဝှမ်း ရာသီဥတု ဖောက်ပြန်မှုများနှင့် အပူချိန်လွန်ကဲလာပြီး ရေအနက်လျော့ကျလာကာ ငါးများ အတွက် ရေနေဧရိယာ ကျဉ်းမြောင်းလာခြင်း၊ တောင်သမန် အင်းအတွက် ရေထိန်းနိုင်ရန် ၁၉၉၅ ခုနှစ်ခန့်က တံတားဖြူရေထိန်းတံတား တည်ဆောက်ခဲ့ရာ မြစ်ရေများ တိုက်ရိုက်စီးဝင်မှု ကန့်သတ်ချက်ဖြစ်ပေါ်လာခြင်း၊ မြို့ပြ ဧရိယာ ကျယ်ပြန့်တိုးချဲ့လာပြီး လူနေထူထပ်လာခြင်း၊ ပရံတော်ချောင်းတစ်လျှောက်နှင့် ရေပိုပစ်မြောင်း တစ်ဖက် တွင် စက်မှုဇုန်များ၊ အင်းပတ်လည်တွင် လူနေအိမ်နှင့် စားသောက်ဆိုင်များ ဖြစ်ပေါ်လာခဲ့ရာ စွန့်ပစ်ရေနှင့် အမှိုက်သရိုက် အညစ်အကြေးများကြောင့် အင်းရေမှာ သန့်စင်ကြည်လင်မှု လျော့နည်းလာခဲ့ပြီး ငါးသေဆုံးမှု ဖြစ်စဉ်များဖြစ်ပွားလာကြောင်း သိရသည်။

''တောင်သမန်အင်းမှာ အစုလိုက်အပြုံလိုက် ငါးသေဆုံးတာ နည်းပါတယ်။ ၂ဝဝ၈ ခုနှစ်က တစ်ကြိမ်၊ ၂ဝ၁ဝ ခုနှစ်က တစ်ကြိမ် ရာသီဥတုပူပြင်းလွန်းတာကြောင့် သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့တယ်။ အခုနှစ် ဧပြီလမှာ တစ်ကြိမ်၊ အခုစက်တင်ဘာလလယ်မှာ တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့တာ နှိုင်းယှဉ်တွေ့ရတယ်။ သေဆုံးတဲ့ ငါးတွေမှာ သဘာဝငါးတွေ မပါဝင်ဘဲ ရာသီဥတုဒဏ် ခံနိုင်ရည် နည်းတဲ့ အရွယ်တူ ''တီလားဗီးယား'' မွေးမြူရေးငါးတွေ အများစုဖြစ်တာလည်း ထူးခြားတယ်''ဟု တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

တောင်သမန်အင်း သန့်ရှင်းသာယာလှပရေး…

ယခုအခါ တောင်သမန်အင်းရေပြင် သန့်ရှင်းသာယာ လှပရေးအတွက် အမှိုက်ကင်းစင်အောင် ဆောင်ရွက်ခြင်း၊ ဗေဒါများ ဆယ်ယူခြင်း၊ နုန်းဆယ်စက်(Dreyer)ဖြင့် နုန်း ဆယ်ခြင်း၊ ပရံတော်ချောင်းတစ်လျှောက် တည်ဆောက် ထားသော စက်ရုံများမှ ရေဆိုးများကို Treatment ပြုလုပ်ပြီးမှသာ စည်ပင်သာယာရေးကော်မတီ၏ ၁ဝ လက်မပိုက်လိုင်းအတွင်းသို့ ရေဆိုးများ စွန့်ထုတ်ရန် စီမံ ဆောင်ရွက်ခြင်း၊ တမုတ်ဆိုးမြောင်းမှ ဒုဋ္ဌဝတီမြစ်အထိ အရှည်ပေ ၁၂ဝဝဝ ခန့်ရှိသည့် ရေဆိုးထုတ် ပိုက်လိုင်း ဆက်သွယ်ခြင်း၊ ဂါလန်တစ်သိန်းဆံ့ ရေဆိုးစုကန် ဆောက် လုပ်ပြီး စက်နှစ်လုံးဖြင့် ရေဆိုးများ နေ့စဉ်မောင်းနှင် စုပ်ထုတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

''တောင်သမန်အင်းနဲ့ ဆက်စပ်အင်း သုံးအင်းမှာ ငါးမွေးမြူရေးလုပ်ကိုင်ခွင့်ကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေး နှစ်မှ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အထိ နှစ်ချင်းငွေခြေ စနစ်နဲ့ ငှားရမ်းခဲ့ပါတယ်။ ဒါပေမယ့် တောင်သမန်အင်း ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ဖို့ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှာ ဆက်လက်ငှားရမ်းလုပ်ကိုင်ခွင့်မပြုတော့ ပါဘူး။ ငါးမွေးမြူရေးက ဒေသအတွက် စားသောက်ရေးကို အထောက်အကူပြုပေမယ့် တောင်သမန်အင်းရေပြင် သန့်ရှင်းရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဆောင်ရွက် ရေးကို ပိုပြီးဦးစားပေးရမှာ ဖြစ်ပါတယ်''ဟု မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဒေါက်တာ သွင်ကျော်ကျော်က ပြောကြားသည်။

ထို့ပြင် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနကလည်း တောင်သမန်အင်းရေ အရည်အသွေးကောင်းမွန်စေရေး အတွက် ထုံးများဖြူးခြင်း၊ ကန်အတွင်း စက်လှေများ မောင်းနှင်ပြီး အောက်ဆီဂျင် ပိုမိုရရှိရန် ဆောင်ရွက်ခြင်း၊ ရေနမူနာရယူပြီး ရေအရည်အသွေး စစ်ဆေးခြင်း၊ ရေပန်းများချခြင်း၊ ရေထုအခြေအနေလိုက်၍ ငါးအရေအတွက် ထိန်းသိမ်းမွေးမြူရန် အကြံပြုခြင်းများဖြင့် ပူးပေါင်းဆောင် ရွက်လျက်ရှိသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဗိသုကာ ပညာရှင် ဒေါက်တာကျော်လတ်၊ မန္တလေးနည်းပညာ တက္ကသိုလ်၊ မန္တလေးစက်မှုတက္ကသိုလ်တို့မှ ပါမောက္ခချုပ် များနှင့် ပညာရှင်များပါဝင်သောအဖွဲ့ကလည်း''တောင် သမန်အင်း အနာဂတ်နှင့် ပတ်သက်ပြီး ဌာနပေါင်းစုံ၊ လူမှုရေးအဖွဲ့ပေါင်းစုံ၊ အခြားသောပညာရှင်များ ပါဝင် သော အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်သင့်ကြောင်း၊မန္တလေး မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းတွင် တောင်သမန်အင်းအား ယဉ်ကျေးမှု ဇုန်နယ်မြေအတွင်း သတ်မှတ်ပြီး ဆက်စပ်ဧရိယာများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ စီမံဆောင်ရွက် သင့်ကြောင်း''အကြံပြုခဲ့ကြပြီး ပါရဂူဘွဲ့ရ အင်ဂျင်နီယာ သုတေသနပြုသူများကလည်း ''ရေထုညစ်ညမ်းမှုကြောင့် ရေသတ္တဝါတို့၏ ဂေဟစနစ်ကို ပျက်ပြားစေနိုင်သဖြင့် စွန့်ပစ်အမှိုက်များ၊ ရေဆိုးများ၊ စိုက်ပျိုးရေးသုံး ဓာတ်မြေ သြဇာများနှင့် ပိုးသတ်ဆေးရည်များ၊ အဆိပ်သင့်စေသော အရာများ ဝင်ရောက်ခြင်းမရှိစေရေး ကာကွယ်ထိန်းသိမ်း ထားရန်'' အကြံပြုခဲ့ကြသည်။

ဆည်မြောင်းဦးစီးဌာနမှ တောင်သမန်အင်းရေပြင် ညစ်ညမ်းမှု လျှော့ချရန်နှင့် ရေနေသတ္တဝါများ ရှင်သန်လှုပ်ရှားမှုကောင်းမွန်စေရေးအတွက် နုန်းများဆယ်ယူခြင်း နှင့်အတူ ရံဖန်ရံခါတွင် ပိုလျှံသောရေများ လျှော့ချခြင်း၊ ဧရာဝတီမြစ်ရေတက်ချိန်တွင် အင်းအတွင်းသို့ ရေသွင်းပြီး ရေလဲလှယ်ခြင်းများ ဆောင်ရွက်သင့်ကြောင်း အကြံပြုမှု နှင့်အတူ လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

ဝင်လာမစဲ တသဲသဲ-

တောင်သမန်အင်းအတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ လှည့်လည်လေ့လာခြင်းအစီအစဉ် အဖြစ် ငှက်လှေ ၄၅ စင်းဖြင့် ပို့ဆောင်ပေးလျက်ရှိသကဲ့သို့ အင်းတစ်ဝိုက်တွင်လည်း စားသောက်ဆိုင် ၇၃ ဆိုင် ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးလျက်ရှိသည်။
တောင်သမန်အင်း၏ တည်ငြိမ်လှပသော ရှုခင်းနှင့် ဦးပိန်တံတား၏အလှသည် ပြည်တွင်း၌သာမက နိုင်ငံ တကာမှပင် အထူးစိတ်ဝင်စားမှုခံရသည့် လည်ပတ်စရာ နေရာတစ်ခုဖြစ်လာခဲ့ရာ နိုင်ငံခြားသားဧည့်သည် ဝင်ရောက်မှုမှာလည်း နှစ်စဉ်တိုးတက်လာခဲ့သည်။ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်အတွင်း နိုင်ငံခြားသားဧည့်သည် ၂၁ဝဝဝဝ၊ ၂ဝ၁၁-၂ဝ၁၂ ခုနှစ်တွင် ၂၃ဝဝဝဝ၊ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် ၃၁ဝဝဝဝ၊ ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် ၃၅ဝဝဝဝ နှင့် ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် ၃၈ဝဝဝဝ အထိ နိုင်ငံခြား သားဧည့်သည် ဝင်ရောက်မှု မြင့်တက်ခဲ့ရာ ခရီးသွား လုပ်ငန်းနှင့်အညီ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဒေသခံ ပြည်သူတို့၏ လူနေမှုဘဝများလည်း မြင့်တက်လာလျက် ရှိသည်။

တစ်ကျော့ပြန်နိုးထလာမည့် တောင်သမန်-

ရေကန်နှင့်အင်းတို့၏ သဘောသဘာဝသည် ရေရှိမှ သာ အဓိပ္ပာယ်ပြည်စုံသကဲ့သို့ တံတားသည်လည်း ရေပြင် ကျယ်ကို ဖြတ်ကျော်ရန် ဆောက်လုပ်ထားခြင်းဖြစ်ရာ တံတားနှင့်ရေသည် လိုက်ဖက်တင့်တယ်လျက်ရှိသဖြင့် တောင်သမန်အင်းကို အမြဲထိန်းသိမ်းပြီး တိုးတက်လာသည့် လူဦးရေနှင့် မြို့ပြအင်္ဂါရပ်နှင့်အညီ အများပြည်သူအတွက် အပန်းဖြေနေရာတစ်ခုနှင့် ဝင်ငွေရှာဖွေပေးသော နေရာ တစ်ခုသာမက ရေနေသတ္တဝါများနှင့် ဆောင်းခိုငှက်များ အပါအဝင် မျိုးစိတ်ပေါင်းများစွာအတွက် နားခိုစရာ နေရာတစ်ခုအဖြစ်လည်း ထိန်းသိမ်းကြရပေမည်။

ထို့အပြင် အများပြည်သူဆန္ဒကို တန်ဖိုးထားလေးစားမှုဖြင့် ဒေသဆိုင်ရာယဉ်ကျေးမှုနှင့် ဘာသာရပ်ဆိုင်ရာ အထိန်းအမှတ်နေရာ (Land Mark) တစ်ခုအဖြစ် အစဉ် ဝင့်ထည်စွာ ရပ်တည်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်။

မကြာမီ တောင်သမန်အင်း ရေရှည်တည်တံ့ခိုင်မြဲ စေရန်နှင့် အစဉ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပညာရှင် များ
၏၊ ဌာနဆိုင်ရာများနှင့် ဒေသခံများပါဝင်သော အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို ပူးပေါင်းကျင်းပမည်ဖြစ်ရာ ထိုဆွေးနွေးပွဲမှ အကြံပြုချက်များနှင့် ရလဒ်များ အပေါ်အခြေခံပြီး တောင်သမန်အင်း၏ အနာဂတ်ကို အကောင်းဆုံးပုံဖော်စီမံဆောင်ရွက်ကြမည်ကို ယုံကြည် မျှော်လင့်တော့သည်။ ။

No comments:

Post a Comment