Monday, September 28, 2015

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေး ဂျီဖိုးနိုင်ငံများတိုက်တွန်း






နယူးယောက် စက်တင်ဘာ ၂၇

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမြဲတန်းအဖွဲ့ဝင်ဖြစ်ရန် ကြိုးစား နေသော နိုင်ငံလေးနိုင်ငံမှ ခေါင်းဆောင်များသည် လုံခြုံရေးကောင်စီကို ပြောင်းလဲပြုပြင်ရန် ကြိုးစားမှုတွင် ယင်းတို့၏ ကြိုးပမ်းအားထုတ်မှုများ အခိုင် အမာ ဖြစ်စေရေးအတွက် ကတိကဝတ်ပြု ပြောဆိုခဲ့ကြသည်။
ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၊ ဂျာမန်ဝန်ကြီးချုပ် အိန်ဂျလာမာကယ်၊ အိန္ဒိယ ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီနှင့် ဘရာဇီးလ်သမ္မတ ဒီလ်မာရုဆက်ဖ်တို့သည် စက်တင်ဘာ ၂၆ ရက်ကအမေရိကန်နိုင်ငံနယူးယောက်မြို့တွင် တွေ့ဆုံခဲ့သည်။ ၄င်းတို့သည် နယူးယောက်မြို့တွင် ကျင်းပသောကုလသမဂ္ဂအထွေထွေညီလာခံ ကို တက်ရောက်ရန် ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ လေးနိုင်ငံအုပ်စု (ဂျီ-ဖိုး) သည် ၁၁ နှစ်အတွင်း ပထမဆုံးအစည်းအဝေးကို ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ ကုလသမဂ္ဂတည်ထောင်ခြင်းနှစ် ၇ဝ ပြည့်အထိမ်းအမှတ်သည် လုံခြုံရေးကောင်စီကို ပြုပြင်ပြောင်းလဲရန် သမိုင်းဝင်အခွင့်အရေးတစ်ခုကို ပေးအပ်ခဲ့ခြင်းပင်ဖြစ်ပြီး လုံခြုံရေးကောင်စီကို ၂၁ ရာစုခေတ်နှင့်အညီ အကောင်းဆုံး အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် အာဘေးက ပြောခဲ့သည်။
စည်းဝေးပွဲအပြီးထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက်၌ ကမ္ဘာတစ်ဝန်း ကြီးထွားလာသော ပဋိပက္ခများနှင့် ပြဿနာများကို အကောင်းဆုံးထိန်းကျောင်း နိုင်ရန် ထိရောက်သော လုံခြုံရေးကောင်စီကို ဖန်တီးရမည်ဖြစ်ကြောင်း ခေါင်းဆောင်များက ပြောကြားခဲ့သည်။

 (အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment