Monday, September 28, 2015

သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာကမ္မဋ္ဌာန်းဌာနတည်ဆောက်




နိုင်ငံတကာမှ ဗုဒ္ဒဘာသာကို စိတ်ဝင်တစားလာရောက် လေ့လာလိုသူများနှင့် ဝိပဿနာတရားအားထုတ်လိုသူများ အေးချမ်းသာယာစွာ လေ့လာဆောင်ရွက်နိုင်စေရေး၊ ဓမ္မာစရိယ တန်းပေါက်မြောက်ပြီး လမ်းပျောက်နေသော ရဟန်းပညာရှိ၊ လူပညာရှိများအတွက် စိတ်ဓာတ်နှင့် အသိပညာတိုးမြှင့်ပေးနိုင်ရေး၊ ပျောက်ကွယ်ပျက်စီးသွားသည့် ဓမ္မတက္ကသိုလ်များနေရာတွင် အစားထိုးနိုင်ရေးနှင့် အဓိက အချက်ဖြစ်သောနိုင်ငံရပ်ခြားမှ ဘာသာရေးကောလိပ်များ၊ တက္ကသိုလ်များနှင့် ရင်ပေါင်တန်းပခုံးချင်းယှဉ်နိုင်ပြီး ကမ္ဘာသူ/ကမ္ဘာသားများ၏ ဘာသာရေးအသိပညာဆိုင်ရာ နှလုံးသားလိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုရေးတည်း ဟူသော ရည်ရွယ်ချက်များဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ ဦးစီး နာယကပြု၍သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာကမ္မဋ္ဌာန်း ဌာနကို စစ်ကိုင်းတောင်ရိုး သော်တာပန်ကျေးရွာအုပ်စု ဥမင်သုံးဆယ်စေတီနှင့် တောင်ဖီလာစေတီအကြား ပတ္တမြား စေတီတောင်ခြေတွင် တည်ဆောက်လျက်ရှိကြောင်းသိရသည်။
''နိုင်ငံပေါင်းစုံက ရှေးဟောင်းဘုရားတွေကို ပုံစံတူ ထုဆစ်ထားပြီးတော့ တရားအားထုတ်ချိန်မှာ ကြည်ညိုနိုင်အောင်လို့ ဘုရားအဆူအားလုံးကို မုဒြာပုံစံပြောင်းလဲ ထားပြီး ဓမ္မဗိမာန်ကြီးထဲမှာ ထားရှိပေးထားမှာပါ။ဒါကြောင့် ဖူးမြော်လိုသူတွေနဲ့ သုတေသနပြုလေ့လာသူတွေ လာရောက် ကြည့်ရှုလေ့လာနိုင်ပါတယ်''ဟု သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် ဒေါက်တာအရှင်ဥာဏိဿရက မိန့်ကြားသည်။
ယင်းကမ္မဋ္ဌာန်းဌာနကို ၂ဝ၁ဝ ပြည့်နှစ်က စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး မြေဧက ၇ဝ ဒသမ ၂၆ ဧကပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ကာ ¤င်းနေရာတွင် သီတဂူဒီပင်္ကရစေတီတော်၊ ရွှေစည်းခုံစေတီတော်၊ ကမ္မဋ္ဌာန်းဆရာတော်ကျောင်းဆောင်၊ လက်ထောက် ဆရာတော်ကျောင်းဆောင်၊ ယောဂီ ၃ဝဝ တရားအားထုတ် နိုင်သောဝိပဿနာဓမ္မဗိမာန်တော်၊ နိုင်ငံတကာမှစေတီ ပုံစံတူ ၂၂ ဆူ၊ အမျိုးသားယောဂီများအတွက် အဆောင် ငယ်ပေါင်း ၁ဝဝ၊ အမျိုးသမီးယောဂီများအတွက် အဆောင်ငယ်ပေါင်း ၁ဝဝ၊ ရုံးဧည့်ခန်းမဆောင်၊ ဂါလန် ၅ဝဝဝ ဆံ့ ရေကန်နှစ်လုံး၊ ထမင်းစားဆောင်များနှင့် စားဖို ဆောင်များ စသည်တို့ပါဝင်ကြောင်း ယင်းဌာနကြီးအား တာဝန်ယူတည်ဆောက်နေသော ဗိသုကာပညာရှင် တမ္ပဝတီဦးဝင်းမောင်က ပြောသည်။
''စေတီ ၂၂ ဆူမှာ နိုင်ငံပေါင်းစုံရဲ့ ခေတ်အဆက်ဆက် လက်ရာတွေပါဝင်ပါတယ်။ ပျူခေတ်၊ ပုဂံခေတ်လက်ရာ တွေနဲ့အတူ ရွှေတိဂုံ၊ ရွှေစည်းခုံ၊ အင်ဒိုနီးရှားနိုင်ငံ ဂျာဗား ကျွန်းမှာရှိတဲ့ ဘောရောဗုဒ္ဓေါစေတီ၊ ဗုဒ္ဓဂါယာစေတီ အစရှိတဲ့ စေတီပုံစံတူတွေကို တည်ထားပါတယ်။
တရားပြဓမ္မာရုံကြီးခန်းမဆောင် ဘုရားခန်းမှာ သံဝေ ဇနိယလေးဌာနကိုလည်း တည်ထားသွားမှာပါ။ ဌာနကြီး ပတ်ပတ်လည်ဝန်းကျင်တစ်ခုလုံးမှာ အဆင်းအနံ့နဲ့ပြည့်စုံတဲ့ စကားဖြူပင်တွေစိုက်ပျိုးထားပါတယ်။ ဒီကျောင်းတော် ကြီးကို ဆရာတော်ကြီးရဲ့ သက်တော်(၈ဝ)ပြည့်မွေးနေ့မှာ ဖွင့်လှစ်သွားနိုင်ဖို့ စီစဉ်နေပါတယ်''ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ယခုအချိန်တွင် စေတီတော်များ၊ ဆရာတော် ကျောင်းဆောင်များ၊ ဂါလန် ၅ဝဝဝ ဆံ့ ရေကန်နှစ်လုံးနှင့် ရုံးဧည့်ခန်းမဆောင်များအပါအဝင် လုပ်ငန်းအားလုံး တည်ဆောက်မှု ရာခိုင်နှုန်း ၈ဝ ကျော်ပြီးစီးနေပြီဖြစ်ပြီး ကျန်ရှိနေသေးသော အဆောက်အအုံများကိုလည်း ၂ဝ၁၆ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် အမြန်ပြီးစီးရေး ဆောင်ရွက်လျက် ရှိကာ အဆိုပါ ကမ္မဋ္ဌာန်းဌာနကြီးပြီးစီးသွားပါက သီတဂူ ဆရာတော်ကြီးကိုယ်တိုင်ဦးဆောင်၍ ဝိပဿနာတရား များဟောကြား ပြသပေးသွားမည်ဖြစ်သည်။ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် ဒေါက်တာအရှင် ဥာဏိဿရသည် စစ်ကိုင်းတောင်ရိုးအပြည်ပြည်ဆိုင်ရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးကို ၁၉၉၆ ခုနှစ်တွင် တည်ထောင်ဖွင့်လှစ်ခဲ့ပြီး သီတဂူဗုဒ္ဓတက္ကသိုလ်(မန္တလေး)ကိုလည်း၂ဝဝ၉ ခုနှစ်တွင် တည်ထောင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment