Tuesday, September 29, 2015

29.9.2015...ကြေးမုံ အယ်ဒီတာ့အာဘော်





စားသုံးသူအကာအကွယ်ပေး

ယခုအခါ ပြည်သူအများစုတွင် အစားအသောက်နှင့်ပတ်သက်၍ ဘေးထွက်ဆိုးကျိုးများ ကြုံတွေ့လာသည်ဟု ဆိုရမည်ဖြစ်သည်။ အကျိုး ဆက်အားဖြင့် အသက်အရွယ်မရွေး အသက်အန္တရာယ်နှင့် ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်သော ရောဂါအသစ်အဆန်းများ ခံစားလာရ၍ ဆေးကုသမှုခံယူ နေရသူများကို ဆေးရုံ၊ ဆေးခန်း တစ်နေ့တခြား မြင်တွေ့လာရသည်။

များသောအားဖြင့် ဆီးချို၊ သွေးတိုး၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ်နှင့် အစာအိမ်၊ အူမကြီးဆိုင်ရာ ရောဂါများသာမက ကုသရမလွယ်ကူသည့် ကင်ဆာရောဂါများပါ အဖြစ်များလာသည်။ အဆိုပါ ရောဂါများမှာ ကူးစက် ရောဂါများမဟုတ်ဘဲ အများအားဖြင့် နေထိုင်မှုပုံစံနှင့် အစားအသောက်များကြောင့်ဖြစ်ပေါ်လာသော ဘေးထွက်ဆိုးကျိုးများကြောင့်ဟု ဆိုရမည် ဖြစ်သည်။

ထို့အပြင် လူငယ်လူရွယ်များသာမက အသက်အရွယ်မရွေး အမျိုးသား များ လွယ်လွယ်ကူကူ သောက်သုံးတတ်ကြသည့် အဖျော်ယမကာများကြောင့် လည်း ကျန်းမာရေးထိခိုက်သည်ကို တွေ့ရသည်။ သောက်သုံးသူများအား အကျိုးမပြုစေသည့် စံချိန်စံညွှန်းမမီသည့် အဖျော်ယမကာများကို နေ့စဉ်မှီဝဲ လာသောအခါ ရေရှည်တွင် အသက်အန္တရာယ်ကို ဖြစ်စေသည့် အနေအထား များသို့ပင် ရောက်လာခဲ့သည်။

ထို့ကြောင့် စားသုံးသူများအား အကာအကွယ်ပေးနိုင်ရေးအတွက် စားသုံး ရန် မသင့်သည့် အစားအစာများကို သက်ဆိုင်ရာအဖွဲ့အစည်းများက နေ့စဉ် ကွင်းဆင်းစစ်ဆေးကာ ရောင်းချသူများကို ပညာပေးလျက်ရှိသကဲ့သို့ စားသုံး သူများကိုလည်း မသန့်ရှင်းသော အစားအစာများကို မစားသုံးမိစေရန် အသိပညာများပေးဝေနေသည်ကို တွေ့ရပါသည်။

လူအများ နေ့စဉ်စားသုံးနေသော အစားအစာများတွင် မီးဖိုချောင်သုံး စားသောက်ကုန်ဖြစ်သည့် စားသုံးဆီသည် လူတို့ကျန်းမာရေးအတွက် အရေးကြီးသောပစ္စည်းဖြစ်လာသည်။ မြန်မာတို့အနေဖြင့် ချက်ပြုတ်ရာတွင် ဆီမပါ လျှင် မပြီးချေ။ ဝယ်ယူစားသုံးသော အစားအစာများတွင်လည်း စားသုံးဆီနှင့် မလွတ်ကင်းချေ။ ထို့ကြောင့် သန့်ရှင်းသော စားသုံးဆီဖြစ်ရန်လိုအပ်လာသည်။

ဆီကြောင့်ဖြစ်တတ်သော ရောဂါများမှာ များပြားလွန်းသဖြင့် ဆီလျှော့ စားသုံးရန် ကျန်းမာရေးဝန်ကြီးဌာနက စဉ်ဆက်မပြတ် အသိပညာပေး နေသော်လည်း ပြည်သူများမှာ အစားအတွက်ဘေးဖြစ်မည်ကို မကြည့်ဘဲ နေ့စဉ် မှန်မှန်စားသုံးနေကြသည်။ စားသုံးသူများအနေဖြင့် ဆီအမျိုးမျိုးကို ဝယ်ယူသုံးစွဲလျက်ရှိသည့်အနက် ဓာတုပစ္စည်းရောနှောထားသည့် ရောဆီ နှင့် ပြန်ကြော်ဆီဖြစ်သည့် အရောင်ချွတ်ရောင်းချသော ဆီများကို မစားသုံးမိ ဖို့လိုသည်။

ဆီတွင် သဘာဝဆီဟုခေါ်သည့် မပြည့်ဝဆီနှင့် အစားထိုးဆီဟု ခေါ်သည့် ပြည့်ဝဆီဟူ၍ နှစ်မျိုးရှိရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးအဖွဲ့က အတည်ပြုထားသော ဆီတို့ကိုသာ စားသုံးသင့်ပါသည်။ အရောအနှောဆီများ၊ မသန့်ရှင်းသောဆီများကို စားသုံးမိပါက စားသုံးသူများတွင် အထက်ဖော်ပြပါ ရောဂါတစ်မျိုးမျိုးမက ရရှိစေပါသည်။

သို့ဖြစ်ရာ ပြည်သူများ အစားအသောက်ကြောင့် ဘေးဒုက္ခမရောက် စေရန် စားသုံးသူများ အကာအကွယ်ပေးရေးလုပ်ငန်းများကို ကျယ်ပြန့်စွာ ဆောင်ရွက်ပေးနေပါသည်။ စားသုံးသူများကလည်း မိမိတို့ကျန်းမာရေး အတွက် သန့်ရှင်းသော အစားအစာများကို ရွေးချယ်စားသုံးတတ်စေရန် တိုက်တွန်းအပ်ပါသည်။ ။

No comments:

Post a Comment