Tuesday, September 1, 2015

1.9.2015...ကြေးမုံ စာတည်းရှုထောင့်




ရေ၏သဘောကို သတိပြုနားလည်


မျက်မှောက်ကာလတွင် မြန်မာနိုင်ငံအနှံ့အပြား၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် အနိမ့်ပိုင်းဒေသအချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။ ရေ၏သဘောသည် မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းတတ်သဖြင့် အနိမ့်ပိုင်းနေပြည်သူများအဖို့ မိုးသည်းထန်စွာရွာသွန်းသောအခါ သတိထားရမည့်အချက်ဖြစ်လာသည်။

တောင်များ၏ ပထဝီဝင်အနေအထားများအရ တောင်တန်းများသည် မြင့်မားမတ်စောက်သည့် သဘောရှိသည်ဟု အကြမ်းဖျဉ်းမှတ်ယူနိုင်ပါသည်။ သို့သော် အချို့နေရာများတွင် တောင်စွယ်တောင်ကြားများကြား၌ လျှောစောက်မှ ပြေလျှောလာကာ ချိုင့်ဝှမ်းလွင်ပြင်သဖွယ်ဖြစ်ပေါ်ပြီး တောင်ပေါ်ရေကန်ကြီးများ ဖြစ်လာတတ်ပါသည်။

ယင်းကို တောလိုက်မုဆိုးများမှအပ တောင်အောက်ရှိကျေးရွာများမှ ပြည်သူများအနေဖြင့် အမှုမဲ့အမှတ်မဲ့ဖြင့် မသိနိုင်ကြပါ။ မိုးတွင်းကာလ၌ တောင်အောက်တွင်သာမက တောင်ပေါ်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းတတ်ပါသည်။ ထိုသို့ရွာသွန်းသောအခါ တစ်ဖက်ပိတ် တောင်ပေါ် ချိုင့်ဝှမ်းကြီးများထဲသို့ မိုးရေများစီးဝင်ပြီး တောင်ပေါ်ရေကန်ကြီးများ သဖွယ်ဖြစ်လာတတ်ပါသည်။ ထိုကန်တွင် ရေပြည့်သောအခါ မြေသားများ ပျော့ဆင်းလာပြီး ရေထုအင်အားကြီးလာသောအခါ ရေများအရှိန်အဟုန်ဖြင့် ပေါက်ထွက်ကျဆင်းလာတတ်ပါသည်။
ထိုကဲ့သို့သောအဖြစ်မျိုးကို လွန်ခဲ့သောသုံးနှစ်ခန့်က နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းရှိ ရှမ်းရိုးမတောင်တန်းပေါ်မှ ရေများတစ်ဟုန်ထိုး ကျဆင်းလာကာ ရေစီးကြောင်းပေါ်ရှိ တောင်အောက်ကျေးရွာ ရေတိုက်စားခံရပြီး ရေလမ်းကြောင်းပေါ်သို့ရောက်နေသော ကျေးရွာသူနှစ်ဦး အသက်သေဆုံးသည်အထိ ဖြစ်ပွားခဲ့ဖူးသည်ကို သတိရမိသည်။
ယခုလည်း ချင်းပြည်နယ်တောင်တန်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်၊ တောင်ကျရွှံ့ရေများကြောင့် တောင်အောက်ကျေးရွာများ ရွှံ့ညွန်အောက်သို့ ရောက်ရှိသွားသည်ကို ကြားသိလိုက်ရပါသည်။ ထို့အပြင် ကလေးမြို့နယ် ဆည်တော်ရွာအထက် ၂၃ မိုင်အကွာရှိ ဟားခါးမြို့နယ်တွင် မြေပြိုမှုကြောင့် အကျယ်ပေ ၃ဝဝဝ ခန့်ရှိသော သဘာဝရေကန်ကြီးတစ်ခု ဖြစ်ပေါ်နေသည်ဟု ကြားသိရ၍ တောင်အောက်ကျေးရွာများ စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။ 

အဆိုပါသဘာဝမြေသားရေကန်ကြီးများသည် မိုးရွာသွန်းမှုအရှိန်ကြောင့် ရုတ်တရက်ပြိုကျခဲ့လျှင် အရှိန်အဟုန်ပြင်းသည့်တောင်ကျရေများ ရေလမ်းကြောင်းကျရာ တောင်အောက်ကျေးရွာများ ရေဘေးအန္တရာယ်ကို ပြင်းထန်စွာ ခံရနိုင်သဖြင့် ပြည်သူများစိုးရိမ်ပူပန်မှု ဖြစ်ပေါ်နေကြသည်ကို မဖြစ်ခင်က ကြိုတင်ကာကွယ် တားဆီးနိုင်ရန် လိုလားနေကြကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့်နိုင်သောနေရာမှာ သွားလာရခက်ခဲသဖြင့် နိုင်ငံတော်၏ ကူညီမှုဖြင့်သာ ဆောင်ရွက်နိုင်ပေသည်။ ခြေကျင်ခရီးဖြင့် သွားရောက်လျှင် ခက်ခဲသဖြင့် ရဟတ်ယာဉ်ဖြင့် အမြင့်မှဝဲပျံစစ်ဆေးကာ ပြုလုပ်နိုင်သည်များကို အမြန်ဆုံးပြုလုပ်ကာ ဆောင်ရွက်ပေးသင့်သည်။ သဘာဝအကြောင်းတရားကြောင့် ရေကန်ဖြစ်ပေါ်နေသည်ဆိုပါက ရေထုအင်အားမများမီ ဘေးအန္တရာယ်မဖြစ်နိုင်သည့်နေရာသို့ ရေများကို ကြိုတင်၍ တဖြည်းဖြည်းဖောက်ထုတ်ပစ်သင့်ပါသည်။

ဖြစ်ပွားနိုင်သောနေရာများသို့ တာဝန်ရှိသူများ အချိန်မီအမြန်ဆုံးသွားရောက်သင့်ပြီး လေ့လာတွေ့ရှိချက်အခြေအနေများနှင့် ဆောင်ရွက်သွားမည့်အကြောင်းများကို ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်ခြင်းမရှိအောင် အချိန်မီ အသိပေးသင့်ပါသည်။ အသိပေးခြင်းနှင့်အတူ ကြိုတင်ရှောင်ရှားထားနိုင်အောင်လည်း လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားကြရမည်ဖြစ်သည်။
ဖြစ်ပေါ်နိုင်သည့်အခြေအနေများကို ယခုကဲ့သို့ ကြားသိနေရုံမျှမက ဂြိုဟ်တုပုံရိပ်ရေဒါအချက်အလက်များက ထောက်ပြပေးနေပေသည်။ ထို့ကြောင့် မဖြစ်ခင်က ကြိုတင်ကာကွယ်တားဆီးသောအားဖြင့် တောင်ပေါ် ရေကန်များပေါက်ထွက်ပြီး တောင်ကျရေများကျဆင်းလာခြင်းမရှိအောင် တတ်နိုင်သည့်အဖွဲ့အစည်းများက ပြည်သူများအန္တရာယ်မဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းချင်ပါသည်။ ။

No comments:

Post a Comment