Sunday, August 30, 2015

ဆီးရီးယား၌ ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခဲ့သည်ဆိုမှု စုံစမ်းစစ်ဆေးမှုလုပ်ငန်းအောင်မြင်ရေး ဘန်ကီမွန်းတိုက်တွန်း



The Mirror Daily's photo.


ကုလသမဂ္ဂ သြဂုတ် ၂၉

ဆီးရီးယားနိုင်ငံ၏ လေးနှစ်ကြာ ပြည်တွင်းစစ်အတွင်း ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှုရှိသည်ဆိုသော စွပ်စွဲချက်များနှင့် ပတ်သက်၍ နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုအသစ် ပြုလုပ်ရာတွင် ထိရောက်အောင်မြင်သော စုံစမ်းစစ်ဆေးမှုဖြစ်စေရန် စစ်ဖြစ်ပွားနေသော အုပ်စုများ အားလုံး၏ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုလိုအပ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်သည်။

ဆီးရီးယားနိုင်ငံပြည်တွင်းစစ်တွင် ဓာတ်ငွေ့ဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဆိုသော စွပ်စွဲချက်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု ပြုလုပ် မည့် အစီအစဉ်တစ်ရပ်ကို ဘန်ကီမွန်း က ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ ပေးပို့သည့်စာတွင် ဖော်ပြထားသည်။

အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ ကုလသမဂ္ဂအဖွဲ့က ဓာတုလက်နက် တားမြစ်ပိတ်ပင်ရေး အဖွဲ့နှင့်အတူ စုံစမ်းစစ်ဆေးသွား မည်ဖြစ်သည်။

ဆီးရီးယား အာရပ်သမ္မတနိုင်ငံနှင့် ယင်းနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားနေသော အုပ်စုအားလုံးတို့က အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှသာလျှင် စုံစမ်း စစ်ဆေးမှုလုပ်ငန်း အောင်မြင်မည် ဖြစ်ကြောင်း သြဂုတ် ၂၇ ရက် နေ့ထုတ် အဆိုပါစာတွင် ဖော်ပြထားသည်။

ဓာတုလက်နက်ဖြင့် တိုက်ခိုက်သူ၊ တိုက်ခိုက်သည့် အဖွဲ့အစည်း၊ တိုက်ခိုက်မှုတွင် ပူးပေါင်းပါဝင်သူများ၊ တိုက်ခိုက်ရန် စီစဉ်သူများ၊ တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သူများ စသည့် အချက်အလက်များကို ဖော်ထုတ်နိုင် ရန် နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု အသစ်ပြုလုပ်မည်ဖြစ်သည်။

ဆီးရီးယားနိုင်ငံ၌ ကလိုရင်း သို့မဟုတ် အခြားသော အဆိပ်ရှိ ဓာတုပစ္စည်းဖြင့် တိုက်ခိုက်မှု ရှိသည်ဆိုသော စွပ်စွဲချက်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သြဂုတ် ၇ ရက်တွင် ဆုံးဖြတ်ချက် တစ်ရပ်ချမှတ်ခဲ့ပြီး ဘန်ကီမွန်းက ယင်းဆုံးဖြတ်ချက်ကို တုံ့ပြန်လျက် စာရေးသား ပေးပို့ခြင်းဖြစ်သည်။
ရိုက်တာ။

No comments:

Post a Comment