Friday, August 28, 2015

အမေရိကန်ရုပ်သံသတင်းထောက်နှစ်ဦး အလုပ်လုပ်ကိုင်နေစဉ် ပစ်သတ်ခံရ




ဗာဂျီးနီးယား သြဂုတ် ၂၇
အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်ရှိ ရုပ်မြင်သံကြား တိုက်ရိုက်ထုတ်လွှင့်မှုအတွက် ပါဝင်လုပ်ကိုင်နေသူ သတင်းထောက်နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးရသည့်ဖြစ်ရပ် ပေါ်ပေါက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်။
ဗာဂျီးနီးယားပြည်နယ် ရန်နိုကေးမြို့ အခြေစိုက် WDBJ 7အမည်ရှိ ရုပ်မြင်သံကြားဌာနမှ အမျိုးသမီး သတင်းထောက် အယ်လစ်ဆန်ပါကာ (၂၄)နှစ်နှင့် ဓာတ်ပုံရိုက်သူ အဒမ်ဝါ့ဒ်(၂၇)နှစ်တို့သည် သြဂုတ်၂၆ ရက်က လူတွေ့မေးမြန်းခန်း ပြုလုပ်နေချိန်အတွင်း ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်ဟောင်း တစ်ဦးဖြစ်သူ ဗက်စတာ ဖလာ နာဂန်ဆိုသူ၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြရသည်။
အသက် (၄၁) နှစ်ရှိ ဖလာနာဂန်သည် သေနတ်ဖြင့် ပစ်ခတ်မှု ပြုလုပ်ပြီးနောက် ဗာဂျီးနီးယားပြည်နယ် အဝေးပြေးလမ်းအတိုင်းကားဖြင့် မောင်းနှင်ထွက်ပြေး ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့သည်။
ဖလာနာဂန်သည် ယင်းနောက်တွင် ၎င်းကိုယ်ကိုယ် သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဒဏ်ရာရရှိပြီး ဆေးရုံ၌ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ဖလာနာဂန်သည် အာဖရိကနွယ်ဖွား အမေရိကန် နိုင်ငံသားတစ်ဦးဖြစ်ပြီး ၎င်း၏လုပ်ဖော်ကိုင်ဖက်ဟောင်း လူဖြူနှစ်ဦးကို လူမျိုးရေးခွဲခြားဆက်ဆံခံရမှုအတွက် လက်စားချေသတ်ဖြတ်ခဲ့သည်ဟု သင်္ကာမကင်းဖြစ်ရသည်။
လူတွေ့မေးမြန်းခန်း၌ ဖြေကြားသူအမျိုးသမီးမှာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူနေရကြောင်း သတင်းတွင် ဖော်ပြသည်။
ရိုက်တာ။

No comments:

Post a Comment