Sunday, August 30, 2015

ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည့် မြန်မာ့ဆင်များ




The Mirror Daily's photo.


နတ်မောက်မြို့နယ် ရွှေနတ်ကယ်တောင် သာသနာ့နယ်မြေတွင် သြဂုတ် ၁၈ ရက် နံနက် ၆ နာရီတွင် ထူးဆန်းသော အသံတစ်ခုကြားရသည်ကို ကျောင်းအတွင်းမှ သံဃာတော်တို့လည်း သတိထားမိကြသည်။ နောက်တော့လာကြပါဦး ဒီမှာဟု အော်သံကြား၍ သွားကြည့်ကြသည်။သူတို့ကိုတွေ့မြင်ရသူများမှာ အံ့သြ တုန်လှုပ်လျက်။ သူတို့ကတော့ အေးချမ်းငြိမ်သက်စွာပင်။ သူတို့မှာ ကမ္ဘာလုံးစေတီတော်အနီးရှိလျှိုထဲတွင် ရပ်နေကြသည့် ထူးခြားသော ရိုးမပေါ်မှ ဘုရားဖူးဧည့်သည် ဆင်ကြီးများဖြစ် တော့သည်။

ထိုနေ့တစ်နေ့လုံး သေးငယ်သော်လည်း အရိပ်ရမည့်အပင်များအောက်တွင် တည်မှီရပ်လျက် ဆရာတော် ကျောင်းရှိရာ မျက်နှာမူကာ ငြိမ်သက်စွာနေခိုနေလျက်ရှိကြသည်မှာ ဆရာတော်ထံ နားခိုရာတစ်ခုတောင်း သယောင်လားထင်မှတ်စရာမို့ သံဃာတော်များကရုဏာသက်စရာဖြစ်ခဲ့ကြရသည်။ သူတို့အတွက် စားစရာများ စုပုံထားခဲ့သည်။ ညဘက်တွင်အစာ ရှိရာ ဆရာတော်ကျောင်းသို့ ရောက်လာခဲ့သော်လည်း ခွေးများ ဟောင် ခြင်း အပါအဝင် လူတို့၏အသံတို့က သူတို့ကို ကြောက်လန့်စေခဲ့သည်။ ထို့ကြောင့် ကျောခိုင်းထွက်ခွာသွားခဲ့ ကြသည်။ ဘာမျှဖျက်ဆီးခဲ့ခြင်းမရှိ သလိုဘာမျှစားမသွားကြ။ နောက်ရက်တွင် ရွှေနတ်ကယ်တောင်မှ နယ်မြေ သစ်ရှာဖွေရေး သူတို့ခရီးဆက်ကြပြန်သည်။

သြဂုတ် ၂၁ ရက်တွင် မိတ္ထီလာ မြို့နယ်အတွင်းရှိ ဖက်တောကျေးရွာ အနောက်ဘက် ဖက်တောချောင်းအနီး သို့ရောက်သွားခဲ့သည့်အကြောင်း သတင်းစာများတွင် ဖော်ပြခဲ့သည့် အပြင် လူမှုကွန်ရက်များတွင် တွေ့ရ သည်။ ထို့နောက်ပိုင်းရက်များတွင် သူတို့မငြိမ်းချမ်းတော့သော၊ အဆုံး သတ်မသိသော ခရီးကိုစတင်ရတော့သည်။

ရေကြည်ရာမြက်နုရာ အေးချမ်းသာယာစွာနေထိုင်နိုင်ရေး နယ်မြေ သစ်ရှာရင်း နာမကျန်းဖြစ်နေသည့် ဆင်ငယ်တစ်ကောင်ကို တူရင်းတောင် ကြောတွင် ချန်ထားရစ်ခဲ့ရပြီးသူတို့ ၏ ခရီးကို ဆက်လက်ထွက်ခွာသွား ခဲ့ကြရသည်။

''သူတို့ဟာ ရန်မူလိုကြတဲ့ အမူ အရာမရှိတတ်ကြပါဘူး။ ဘယ် အဆောက်အအုံ၊ ဘယ်စိုက်ခင်းကိုမှ မဖျက်ဆီးကြဘူး။ ဆင်အုပ်ရဲ့ဖွဲ့စည်းပုံ အရ ခေါင်းဆောင်ဆင်နဲ့ သားထိန်း ဆင်လို့ယူဆရတဲ့ ဆင်တွေကတော့ ဆိုင်ကယ်တွေနဲ့ လူတွေကိုမြင်တဲ့အခါ ဟန့်တားသလို ပြုမူတတ်ကြတယ်။ အငြိုးတကြီးနဲ့ လိုက်တိုက်ခိုက်တာ မျိုးမရှိဘူး''ဟု လာကြည့်သူတစ်ဦးက ပြောသလို ''ဆင်ရိုင်းတွေဗျ၊ ကိုယ်က မလုပ်ရင် သူကလုပ်မှာဗျ၊ စောစော စီးစီးနာအောင် နှိပ်ကွပ်မောင်းထုတ်လိုက်မှအေးမှာ''ဟု လေးခွကိုင်လျက် ဆိုင်ကယ်ဖြင့် လူတစ်ဦးကပြောသည်။

ဆင်များအား အနီးကပ်ဓာတ်ပုံရိုက် ခြင်း၊ ခြောက်လှန့်ဆူညံခြင်း၊ ဆင်များ သွားရာလမ်းများတွင် ပိတ်ဆို့ ဟန့်တားမှုမျိုးများ ပြုလုပ်ခြင်း၊ ခဲများ၊ တုတ်များဖြင့် ပစ်ခတ်ခြင်းမပြုရန် အသံချဲ့စက်ဖြင့် ကြေညာခြင်း၊ ပညာ ပေးခြင်းများ ပြုလုပ်နေသော်လည်း အချို့က ဆိုင်ကယ်များဖြင့်၊ အချို့က လည်းဖုန်းကင်မရာများဖြင့် ပျော်ပွဲကြီးသဖွယ် ထင်မှတ်နေကြသည်။
ထိုအခါ ဆင်များသည် ဦးတည်ရာ လမ်းပျောက်၍ လမ်းကြောင်းသွေ ဖည်ရင်း နောက်လှည့်ဟန့်တားခြင်းများ ပြုသည်ကိုလည်း သိရသည်။ ဆင်တို့၏ သဘာဝ နေ့ခင်းဘက်အချိန်များတွင် အရိပ်ရှိရာ လျှိုမြောင် နားခို ရာနေရာများတွင် နားခိုနေတတ်ကြသော်လည်း လူအချို့၏ နားမလည်မှု များကြောင့် အနားမရကြဘဲ နေဝင် ချိန်မှစ၍ အစာရှာဖွေစားသောက်ရင်း စားကျက်သစ်ရွှေ့ပြောင်းသော ပုံစံ မျိုးလည်း ကျင့်သုံးမရတော့သည့်အပြင် မောင်းနှင်ခြင်းပါခံနေရခြင်း ကြောင့် စားသောက်မှုလည်း ပျက်ယွင်းလာခဲ့သည်။

''လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က အုတ်တွင်း-ပေါက်ခေါင်း ရိုးမဖြတ် မိုင်(၂ဝ)ဆင်စခန်းမှာ ဆင်ရိုင်းအုပ် ဝင်ရောက် ဖျက်ဆီးရာကနေ ပထမတစ်ရက်မှာ လူတစ်ဦးကို နင်းသတ်ခဲ့ပြီး နောက် တစ်ရက်မှာလည်း သုံးမိုင်အကွာက ရွာကို ဝင်ရောက်ဖျက်ဆီးပြီး လူတစ်ဦးကို ထပ်မံနင်းသတ်ခဲ့တယ်။ အိမ်တွေကို ဖြိုလှဲပစ်ကြတယ်။ ပြီး တော့ အိမ်တွေက ဆန်တွေကိုစား၊ စိုက်ခင်းထဲက သီးနှံတွေကိုစားပြီး ဖျက်ဆီးပစ်ကြတယ်။ အခုဆင်တွေ ကတော့ ထူးဆန်းနေတယ်လို့ ထင်မိတယ်''ဟု မိုင်(၂ဝ)ဆင်စခန်းတွင် ကြုံတွေ့ဖူးသူတစ်ဦးက မှတ်ချက်ပြု ပြောကြားသည်။

တောပြုန်း၍ တောင်ကတုံးများဖြင့် တန်ဆာဆင်ထားသည့်အပြင်စိုက်ခင်းများ တိုးချဲ့လာရုံမျှမက လူနေအိမ်များပါ တိုးပွားလာသော ပဲခူးရိုးမ၊ ရိုးမအတွင်းမှ ရိုးမဖြတ်လမ်းအသွယ် သွယ်တွင် နေ့ရောညပါ ဖြတ်သန်းနေ သော ယာဉ်များ၏ အသံနှင့် မီးရောင် တို့ကြောင့် တောနေသတ္တဝါများအတွက် သွားလမ်း လာလမ်း ပိတ်ဆို့နေသော ရိုးမ။ အစာရေစာခက်ခဲလာကာ သူတို့ဘဝအတွက် လုံခြုံမှုမရှိတော့ဟု ခံစားလာရချိန်တွင် နေရာသစ်ရှာ ဖွေထွက်လာကြသည်ဟုလည်း ကျွမ်းကျင်သူတို့၏ သုံးသပ်မှုများလည်း ရှိလာနေပေပြီ။

သြဂုတ် ၂၇ ရက်ကလည်း တူရင်းတောင်ခြေမှာ နာမကျန်းဆင်ငယ်ကို ခွဲခွာချန်ရစ်ခဲ့ပြီး ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ လွန်ပင်ကုန်းရွာနှင့် သစ်စပ်ပင်ရွာအနီးရှိ တောအုပ် အတွင်းမှ နားခိုနေသော ဆင်အုပ်အား သာယာဝတီခရိုင်မှတာဝန်ရှိအဖွဲ့အစည်းများ၏ ကွန်ဂျီဆင်အုပ်များ အကူအညီဖြင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်း မူလထွက်ခွာ ရာနေရာဟု ယူဆရသောနတ်မောက် မြို့နယ် ပဲခူးရိုးမဆီသို့ ပြန်လည် ပို့ဆောင်ရေးထိန်းကျောင်းမောင်း နှင်မှုများကို ညနေပိုင်းတွင် စတင်ခဲ့သည်။
သြဂုတ် ၂၇ ရက်က တစ်ညလုံး ခရီးနှင်ခဲ့သော ဆင်အုပ်စုသည် ၂၈ ရက်တွင် နတ်မောက်မြို့နယ်အတွင်း ရှိ ရွာသစ်၊ ကံကြီးကုန်း၊ သမှုန်းပင် စသည့်ကျေးရွာများကို ကျော်ကာ မွန်းလွဲပိုင်းတွင် ဒီးဒုတ်ကုန်း၊ ဥသျှစ် မြောင်ကျေးရွာအနီး တောအုပ်အတွင်း နေခိုခဲ့ကြသည်။ ထို့ကြောင့် နတ်မောက်မြို့နယ်အတွင်းမှ ရိုးမပေါ် အရောက် ကွန်ဂျီဆင်များ၏ အကူ အညီဖြင့် ဆက်လက်မောင်းနှင်ရန် တာဆူလျက်ရှိရာ သူတို့ မနေလို၍ ထွက်ခွာလာသည်ဟု ယူဆရသော ပဲခူးရိုးမသို့ နောက်ကြောင်းပြန် ခရီးနှင့်လည်း နီးစပ်လာခဲ့ပြီ ဖြစ် သည်။

သက်ရှိသတ္တဝါမှန်သမျှ အသက် ရှင်နေထိုင်နိုင်ရေးအတွက် အစာဝ ပြောမှုကို လိုလားကြသည်။ သာယာ အေးမြသော ပတ်ဝန်းကျင်ကို လိုချင်ကြသည်။ ဤအရာကားမပြည့်စုံ ဟုသိလာချိန်တွင် နယ်မြေသစ်ကို ရှာဖွေခဲ့ကြသော်လည်း မတွေ့ခဲ့ကြ။ ပုံသဏ္ဌာန်ခွန်အား အရွယ်အစားတို့ ကြောင့် သာမန်အားဖြင့် ကြောက် မက်ဖွယ်ဟု ထင်ရသော်လည်း နေရာ အတွက်၊ အစာရေစာအတွက် နယ်သစ်ရှာဖွေခဲ့ကြသည့် ရွှေ့ပြောင်း ဒုက္ခသည် အဆင့်မြင့်သတ္တဝါ ကြီးများဟု မြင်လျက်သူတို့ဖြတ်သန်း သွားရာ လမ်းကြောင်းတစ်လျှောက်ရှိ ဒေသခံများအနေဖြင့် အနှောင့် အယှက်မပေးဘဲ အေးချမ်းစွာ ဖြတ်သန်းခွင့်ပေးကြစေလိုပါကြောင်း၊ ယခု နောက်ဆုံးသတင်းအရ ရိုးမ အစပ်ဖြစ်သော မြို့သစ်မြို့နယ် လေသာတောင်ကြောသို့ ရောက်လာ ခဲ့ပြီဖြစ်သော ဤရိုးမပြန်ဆင်ကြီးများ အပါအဝင် ကမ္ဘာ့ဆင်မျိုးရင်းကြီးနှစ်ခု အနက် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ တို့တွင်သာ ကျန်ရှိတော့သည့် မြန်မာ တို့၏ ဂုဏ်ယူဖွယ်ရာ အာရှဆင် မျိုးရင်း မြန်မာ့ဆင်ကြီးများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြ ရန်လိုအပ်ပါကြောင်း ရေးသား အပ်ပါသည်။

No comments:

Post a Comment