Saturday, August 1, 2015

အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ အတွင်းရေးမှူးနှင့်တွေ့ဆုံခြင်း သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ အချိန်နဲ့တစ်ပြေညီဆောင်ရွက်ပေးနေပါတယ်

The Mirror Daily's photo.
ယခုနှစ် ဇွန်နှင့် ဇူလိုင်လများအတွင်း မြန်မာ နိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တိုင်း ဒေသကြီးနှင့် ပြည်နယ်အချို့တို့တွင် ရေကြီးနစ်မြုပ်မှု များ ဖြစ်ပေါ်ခဲ့ရသည်။
ထို့ပြင် ကိုမန်အမည်ရှိ မုန်တိုင်းငယ်တစ်ခုသည် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ဘက်တွင် ဖြစ်ပေါ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဖြတ်သန်းဝင် ရောက်နေသည်။ ထိုမုန်တိုင်း၏ အရှိန်ကြောင့် ရခိုင်ပြည် နယ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောဒေသများတွင် လည်း ဘေးအန္တရာယ်ဖြစ်ပေါ်လျက်ရှိသည်။ ထို့ကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၏ ရည်ရွယ်ချက်အရ ဘေးသင့်သူများအား ပိုမိုကောင်းမွန် သည့် လူနေမှုဘဝရရှိစေရေးအတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း များ စီစဉ်ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ပေသည်။
လက်ရှိဖြစ်ပေါ်နေသည့် သဘာဝဘေးများနှင့် ပတ်သက်၍ ကူညီထောက်ပံ့နေမှု အခြေအနေများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ အမျိုးသား သဘာဝဘေးကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးစိုးအောင်အား ယခုကဲ့သို့ တွေ့ဆုံမေးမြန်းခဲ့သည်။

မေး။ ။ ပြည်သူတွေ သဘာဝဘေးအန္တရာယ်က လျော့
ပါးသက်သာအောင် ဆောင်ရွက်ပေးနေတဲ့ အပိုင်းတွေကို ပထမဦးဆုံး ရှင်းပြပေးစေလိုပါတယ်ရှင့်။
ဖြေ။ ။ သဘာဝဘေးဒဏ်စီမံခန့်ခွဲမှု လုပ်ငန်းတွေကို
ဆောင်ရွက်နိုင်ဖို့ နိုင်ငံတော်အဆင့် ဗဟို ကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်နေသလို သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာလည်း ကော်မတီ တွေ ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော် အဆင့်မှာဆိုရင် အမျိုးသားသဘာဝဘေးကာကွယ် စောင့်ရှောက်ရေးဗဟိုကော်မတီကို ဖွဲ့စည်းထားပြီး ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ဥက္ကဋ္ဌဖြစ်ပါတယ်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ပြည်ထဲ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က ဒုတိယ ဥက္ကဋ္ဌများဖြစ်ကြပါတယ်။ ကျန်တဲ့ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရအသီးသီးက ဝန်ကြီးချုပ်တွေက အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အတွင်းရေးမှူးဖြစ်ပါတယ်။
ဗဟိုကော်မတီရဲ့အောက်မှာ အမျိုးသားသဘာဝ ဘေးကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီကို ဖွဲ့စည်းပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ဥက္ကဋ္ဌဖြစ်ပြီး ပြည်ထဲရေးနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးတို့က ဒုတိယဥက္ကဋ္ဌများ ဖြစ်ပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ပါတယ်။ အဲဒီ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီရဲ့အောက်မှာ ဆပ်ကော်မတီ ၁၁ ခုကို ဖြန့်ခွဲပြီး ကိုယ့်ကဏ္ဍအလိုက် ဆောင်ရွက် နိုင်ဖို့ လုပ်ငန်းတာဝန်တွေချမှတ်ပေးပြီး နိုင်ငံတော် အဆင့်ကနေ အဆင့်ဆင့်စီမံခန့်ခွဲ ဆောင်ရွက်လျက် ရှိပါတယ်။
နိုင်ငံတော်အဆင့်ပြီးရင် သက်ဆိုင်ရာ တိုင်းဒေသ ကြီး၊ ပြည်နယ်အဆင့်တွေမှာလည်း တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တွေက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီများနဲ့ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်ဆင့်အထိ သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိ ပါတယ်။
လုပ်ငန်းတွေ ဆောင်ရွက်ရာမှာလည်း သဘာဝ ဘေးမဖြစ်ခင်မှာ ဆောင်ရွက်ရတဲ့ လုပ်ငန်းတွေရှိသလို သဘာဝဘေးဖြစ်နေတဲ့ ကာလမှာ အရေးပေါ် တုံ့ပြန်မှု ဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့နဲ့ သဘာဝဘေး ကျရောက်ပြီးနောက်ပိုင်းမှာ ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင် ဖို့ အပိုင်းသုံးပိုင်းပေါ်မှာ အခြေခံပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။

မေး။ ။ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုတွေကို အချိန်နဲ့
တစ်ပြေးညီ သိရှိအောင် ဘယ်လိုစီမံဆောင်ရွက် ထားပါသလဲ။
ဖြေ။ ။ ရေကြီးခြင်းနဲ့ မိုးလေဝသဆိုင်ရာသတင်းအချက်
အလက်တွေကို မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက ရရှိသလို ဖြစ်ပွားတဲ့ဒေသတွေမှာရှိတဲ့ ကယ်ဆယ်ရေးဦးစီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် ကယ်ဆယ်ရေးရုံး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ တွေက ရရှိပါတယ်။

ကျွန်တော်တို့ ဝန်ကြီးဌာနမှာလည်း အရေးပေါ် အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာနကို ဖွင့်လှစ်ထားပြီး ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကရတဲ့ အချက်အလက်တွေနဲ့ ရေကြီး နစ်မြုပ်တဲ့ဒေသတွေ၊ လုံးဝရေကြီးနစ်မြုပ်သွားတဲ့ရွာတွေ၊ ရေဝင်ဖို့နဲ့ ရေဝင်ဖို့နီးနေတဲ့ရွာတွေကို ဂြိုဟ်တုကနေ သတင်းအချက်အလက်ရယူပြီး ဖော်ထုတ်ပါတယ်။
မြေပြင်မှာရော တကယ်ကျရောက်နေပြီလား ဆိုတာ စိစစ်ပါတယ်။ ကျရောက်ရင် အရေးပေါ်ထောက်ပံ့ နိုင်ဖို့ကို စီမံဆောင်ရွက်ဖို့ တစ်ခါတည်း ပေါင်းစပ်ညှိနှိုင်း တယ်။ ပြည်သူတွေ သဘာဝဘေးကျရောက်လာရင် အရေး ပေါ် ကူညီထောက်ပံ့မှုလုပ်ငန်းတွေ ဆောင်ရွက်နေပါ တယ်။
မေး။ ။ မြန်မာနိုင်ငံအနှံ့အပြားဖြစ်ပေါ်နေတဲ့ ရေကြီး
နစ်မြုပ်မှုတွေအတွက် အရေးပေါ်အစီအမံတွေ ဘယ်လိုများ ထားရှိဆောင်ရွက်နေပါသလဲ။

ဖြေ။ ။ ဇွန်၊ ဇူလိုင် မိုးရာသီအစကာလမှာ မိုးသည်း
ထန်စွာရွာသွန်းပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီး အချို့တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တယ်။ ရေ မျောပါပြီး အိမ်တွေပျက်စီးဆုံးရှုံးလို့ နေလို့မရအောင်ဖြစ် တဲ့ တိုက်ရိုက်ထိခိုက်ခံစားရတဲ့သူတွေ၊ အိမ်တွေထဲမှာ ရေဝင်ပြီး နေထိုင်သွားလာရေးစားသောက်ရေး၊ အလုပ် အကိုင် ခက်ခဲတဲ့သူတွေကတော့ သွယ်ဝိုက်ခံစားရတဲ့သူတွေဖြစ်ပါတယ်။
အဲဒီလို တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှာ ပြည်သူတစ်သိန်းကျော်လောက် ထိခိုက်ခံစားရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ ကောလင်း၊ ကန့်ဘလူ၊ ကျွန်းလှ၊ မူးမြစ်ဝှမ်းအပေါ်က မဲဇာမြစ်တစ်လျှောက်မှာရှိတဲ့ ကျေးရွာ တွေမှာ ရေကြီးရေလျှံမှုနဲ့ ရေနစ်မြုပ်မှုတွေ ကြုံတွေ့ခဲ့ရ ပါတယ်။
အဲဒီဒေသတွေမှာ ဖြစ်ဖြစ်ချင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး တိုင်းရုံးတွေရှိတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် ခရိုင်အသီးသီးမှာ သိုလှောင်ရုံ ၃၃ ခု ရှိတယ်။ သက်ဆိုင် ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ လူဦးရေ အချိုး အပေါ်မူတည်ပြီး အိမ်ထောင်စုအလိုက် ဘေးဒုက္ခကြုံတွေ့ လာရင် ပြည်သူတွေ သက်သာချောင်ချိမှု ရရှိစေရေး အတွက် ထောက်ပံ့နိုင်ဖို့ ကယ်ဆယ်ရေးပစ္စည်း ကိုးမျိုး၊ အရေးပေါ် အမိုးအကာတွေဖြစ်တဲ့ တဲတွေဆောက်လုပ် နိုင်ဖို့ တာလပတ်တွေ၊ မိုးကာစတွေကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားပါတယ်။ သောက်ရေသန့်၊ ခေါက်ဆွဲ ခြောက်၊ ကြက်ဥတွေအပြင် ဆန်ရိက္ခာတွေကိုလည်း အရေးပေါ်ပေးနိုင်ဖို့ စီမံထားတယ်။
မေး။ ။ လတ်တလော မုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်
ပြည်နယ်မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေမှုကိုလည်း သိချင်ပါတယ်။

ဖြေ။ ။ ရခိုင်ပြည်နယ်မှာ မုန်တိုင်းတိုက်သွားတာနဲ့
ပတ်သက်ပြီးတော့ မနေ့ကအထိ စစ်တွေမှာ လမ်းမီးတိုင်တွေလဲတယ်။ အိမ်အချို့ အမိုးတွေလန်သွား တယ်။ တယ်လီဖုန်းတိုင်တွေကျိုးတယ်။ ဘူးသီးတောင် ဘက်ဆိုရင်လည်း ရေဝင်တဲ့အတွက် ကယ်ဆယ်ရေးစခန်း တွေ ဖွင့်ထားပြီး ထောက်ပံ့မှုတွေ စတင်ဆောင်ရွက် နေပါတယ်။
မင်းပြားနဲ့ အမ်းဘက်မှာလည်း ရေဝင်နစ်မြုပ်မှု တွေရှိတဲ့အတွက် ထောက်ပံ့မှုတွေ ဆောင်ရွက်ပေးနေပါ တယ်။ ကလေးမြို့ဘက်မှာလည်း ရေကြီးနစ်မြုပ်တာတွေ ရှိနေတဲ့အတွက် အရေးပေါ်ထောက်ပံ့ရေးလုပ်ငန်းတွေ ကို တပ်မတော် ရဟတ်ယာဉ်တွေနဲ့ အဝတ်အထည်တွေ၊ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပို့နိုင်ရေး ဆောင်ရွက်နေပါတယ်။

ကန့်ဘလူ၊ ကောလင်း၊ ကျွန်းလှဘက်မှာဖြစ်တဲ့ ရေကြီး၊ ရေလျှံမှုမှာလည်း ဘေးဒုက္ခကျရောက်တဲ့ ပြည်သူ တွေအတွက် စားနပ်ရိက္ခာတွေ၊ အသုံးအဆောင်ပစ္စည်း တွေဖြန့်ဝေသလို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း တွေကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့က ဝန်ကြီးတွေ ကိုယ်တိုင် ဘေးဖြစ်တဲ့ဒေသတွေမှာ အခြေပြုပြီး ကယ်ဆယ်ထောက်ပံ့မှုတွေ ဆောင်ရွက်နေပါတယ်။

မေး။ ။ သဘာဝဘေးကြောင့် အသက်ဆုံးရှုံးသွားတဲ့
လူတွေအတွက် ဘယ်လို အထောက်အပံ့မျိုးတွေ ပေးပါသလဲ။
ဖြေ။ ။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ
ချထားရေးဝန်ကြီးဌာန အနေနဲ့ကလည်း ထောက်ပံ့မှုလုပ်ငန်းတွေနဲ့ပတ်သက်လာရင် အမြဲမပြတ် အောင် စိစစ်ဆောင်ရွက်လျက်ရှိပါတယ်။ သဘာဝဘေး တွေကြောင့် အသက်ဆုံးရှုံးသွားတဲ့သူ ၂၇ ဦးအတွက် လူတစ်ဦးကို တစ်သိန်းနှုန်းဖြင့် ထောက်ပံ့ပေးလျက် ရှိပါတယ်။ သဘာဝဘေးကြောင့် သေဆုံးသွားတဲ့သူအတွက် ကျန်ရစ်သူမိသားစုက လိုအပ်တာ စီမံဆောင်ရွက်နိုင်ဖို့ ထောက်ပံ့ပေးတာဖြစ်ပါတယ်။
မေး။ ။ အခုအချိန်အထိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ ထောက်ပံ့မှု ဘယ်လောက်ပေးပြီးနေပြီဆိုတာ သိချင်ပါ တယ်။

ဖြေ။ ။ ဇွန်၊ ဇူလိုင် နှစ်လအတွင်း ရေဘေးကြောင့်
အိမ်ခြေ ငါးရာကျော် မျောပါပျက်စီးခဲ့ရပြီး အိမ်ခြေ တစ်သောင်းရှစ်ထောင်ကျော် ရေဝင်ပျက်စီး ခဲ့ရပါတယ်။ ဇွန်၊ ဇူလိုင် နှစ်လအတွင်းမှာ တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေမှာ ကျွန်တော်တို့ ဝန်ကြီးဌာနက ထောက်ပံ့တာ သိန်းပေါင်းတစ်ထောင်ကျော်သွားပြီဖြစ် ပါတယ်။
ပြည်သူတွေ ဘေးအန္တရာယ်ကြုံတွေ့လာရင် ဆက်လက်ပြီးတော့လည်း ထောက်ပံ့မှုတွေကို စဉ်ဆက် မပြတ်ပေးနေမှာဖြစ်ပါတယ်။ အခုဖြစ်နေတဲ့ ဘေးတွေမှာ အချိန်နဲ့တစ်ပြေးညီ ရှာဖွေကယ်ဆယ်တာတွေ၊ ထောက်ပံ့ တာတွေ၊ ကယ်ဆယ်ရေးစခန်းတွေထားရှိပြီး ပြည်သူတွေ ရဲ့ကျန်းမာရေး၊ လုံခြုံရေးအားလုံးကို အမျိုးသားသဘာဝ ဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနဲ့ ဆပ်ကော်မတီများ၊ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့များက ပူးပေါင်းဆောင်ရွက် နေပါတယ်။

ဝေးလံတဲ့ဒေသတွေ အချို့နေရာတွေထိ ထောက်ပံ့ပစ္စည်းတွေ ရောက်အောင်လည်း ဆောင်ရွက် နေပါတယ်။ နိုင်ငံတော်အစိုးရက ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိပြီးသားပါ။ အခု တပ်မတော်၊ မီးသတ်၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ၊ ဒေသခံ လူငယ်တွေ၊ ပြည်သူတွေ ပူးပေါင်းပါဝင်ဆောင်ရွက် နေတာက ရှာဖွေကယ်ဆယ်ရေး ဆပ်ကော်မတီအောက် က လုပ်ငန်းစဉ်တစ်ခုပါ။ အဲဒါကို ဆောင်ရွက်ပေးနေ တာဖြစ်ပါတယ်။သီးခြားဆောင်ရွက်တာ မဟုတ်ပါဘူး။

စီမံခန့်ခွဲမှု ခေါင်းစဉ်အောက်မှာရှိတဲ့ လုပ်ငန်း ဆပ်ကော်မတီတွေက ဖြန့်ခွဲဆောင်ရွက်တာဖြစ်ပါတယ်။ အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟို ကော်မတီရဲ့ စီမံခန့်ခွဲမှုအောက်ကနေ ပူးပေါင်းပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ရှာဖွေကယ်ဆယ်ရေး ဆပ်ကော်မတီအောက်မှာရှိတဲ့ သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာနအဖွဲ့အစည်းတွေက ပြည်သူတွေနဲ့အတူ ပူးပေါင်းပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

မေး။ ။ ထောက်ပံ့ရေးပစ္စည်းတွေကို ပရဟိတအဖွဲ့
အစည်းတွေက လှူမယ်ဆိုရင် သက်ဆိုင်ရာရဲ့ ခွင့်ပြုချက် ယူရမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေ တယ်။ အဲဒါလေးကို ရှင်းပြပေးစေလိုပါတယ်ရှင့်။
ဖြေ။ ။ ရုပ်မြင်သံကြား၊ ရေဒီယို၊ အွန်လိုင်းတွေထဲမှာ
လည်း မြင်နေရတာပဲ။ ထောက်ပံ့ရေးပစ္စည်း တွေကို လှူချင်ရင် လှူပါ၊ ကျွန်တော်တို့ ပြည်သူ အချင်းချင်း ပြည်သူတွေဆီကိုရောက်အောင် ကူညီ စောင့်ရှောက်မှုလုပ်ငန်းတွေကို ပေးလို့ရပါတယ်။
ဒါပေမယ့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ အစည်းတွေမှာ ဘယ်ကိုသွားပြီး လှူမယ်ဆိုတာပြောရင် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု အဖွဲ့တွေက ဘယ်ရွာက ဘာပစ္စည်းအမျိုးအစား လိုတယ်ဆိုတာကို လိုအပ်တဲ့သူကို လိုအပ်သလို ရောက် ဖို့အတွက် စီမံခန့်ခွဲမှုက အဓိကကျပါတယ်။

မလိုတဲ့သူဆီကို မလိုတဲ့ပစ္စည်းရောက်သွားမယ် ဆိုရင် အပိုအလျှံတွေဖြစ်လာမယ်။ ဘာမှ သုံးလို့မရတဲ့ အနေအထားဖြစ်တဲ့အတွက် ကျွန်တော်တို့ကို အကြောင်း ကြားပေးပါ။ မသွားရဘူး၊ မလှူရဘူးဆိုတာ လုံးဝမရှိ ပါဘူး။ ကျွန်တော်တို့ဆီကို ဆက်သွယ်လာရင်လည်း ဘယ်နေရာတွေကတော့ ဘာတွေ အဓိကလိုပါတယ် ဆိုပြီး ပြောပြပေးပါတယ်။ လှူချင်တဲ့သူတွေကလည်း သွားလှူလို့ရပါတယ်။ လှူရလို့ ဝမ်းသာကြတယ်။ ကျေးဇူးတင်တယ်ဆိုပြီး ပြန်လည်ဆက်သွယ်ပြောကြား တာတွေလည်း ရှိပါတယ်။
ဇွန်၊ ဇူလိုင်လအတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံး တွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရခိုင်ပြည် နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်၊ ကချင်၊ ချင်းနဲ့ ရှမ်းပြည်နယ် တို့မှ အချို့မြို့နယ်များမှာ ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ် လျက်ရှိသည်။

မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး တို့မှာလည်း မြစ်ကမ်းပါးပြိုကျမှုကြောင့် အိမ်အချို့ ရွှေ့ပြောင်းခဲ့ရပြီး ရေဘေးကြောင့် အိမ်ခြေ ၅၃၃ လုံး မျောပါပျက်စီးခြင်း၊ အိမ်ခြေ ၁၈၅၁၂ လုံး ရေဝင် ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ပြီး လူဦးရေတစ်သိန်းကျော် ရေဘေးခံစားခဲ့ရသည်။ အခြေခံအဆောက်အအုံ များဖြစ်သည့် လမ်းတံတားများ၊ ရထားလမ်းများ၊ စာသင်ကျောင်းနှင့် ဆေးရုံဆေးခန်းများလည်း ပျက်စီး ခဲ့ရသည်။
နန္ဒာဝင်း

No comments:

Post a Comment