Sunday, August 2, 2015

2.8.2015...ကြေးမုံ စာတည်းရှုထောင့်




အားနည်းသူကို ဖေးမကူညီ

 

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဇွန်လနှင့် ဇူလိုင်လများအတွင်းက မုတ်သုံ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အချို့တို့၌ ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများဖြစ်ပွားခဲ့ရာ ဒေသခံပြည်သူများ အတိဒုက္ခရောက်ခဲ့ကြသည်ကို မြင်တွေ့ခဲ့ရသည်။

ရေကြီးရေလျှံဖြစ်ပွားမှုများမှာ နိုင်ငံအနှံ့ဖြစ်ခဲ့သော်လည်း ဆိုးရွားစွာ ဖြစ်ပွားခဲ့သော နေရာဒေသများဖြစ်သည့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး နေရာလေးခုအား နိုင်ငံတော်က သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများအဖြစ် တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်ကို မြင်တွေ့ခဲ့ရသည်။

ထိုသို့ထုတ်ပြန်ကြေညာ အသိပေးလိုက်ခြင်းသည် သဘာဝဘေး အန္တရာယ်များကြောင့် ထိခိုက်ပျက်စီးမှုပမာဏကြီးမားပြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရေး ဆောင်ရွက်ရာတွင် အခက်အခဲရှိနိုင်သောနေရာ ဒေသများဖြစ်သောကြောင့် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ပိုမိုပါဝင်ဆောင်ရွက်နိုင်ရန် အသိပေးထားခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ရေကြီးနစ်မြုပ်နေသော ဒေသများအနက် ကလေးခရိုင်အတွင်း၌ ဆိုးရွားစွာဖြစ်ပေါ်လျက်ရှိရာ နိုင်ငံတော်က အရေးပေါ်သုံး ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို တပ်မတော်ရဟတ်ယာဉ်များဖြင့် သယ်ယူပို့ဆောင်ထောက်ပံ့ပေးနေသည်ကို တွေ့ရသည်။

အလားတူ ရေကြီးရေလျှံမှုများနှင့် သဘာဝဘေးအန္တရာယ် ကျရောက်နေသော ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ဒေသများတွင်လည်း အမျိုးသားသဘာဝဘေးကာကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီမှ ဦးဆောင်ကာ သဘာဝဘေးလုပ်ငန်းစဉ်များကို စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်နေသည်ဟု ကြားသိရသည်။

သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များဖြစ်သည့် ကယ်ဆယ်ရေး၊ ထောက်ပံ့ရေးနှင့် ပြန်လည်နေရာချထားရေးကိစ္စများကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအလိုက် အင်တိုက်အားတိုက်ဆောင် ရွက်နေသကဲ့သို့ သဘာဝဘေးကိုမခံစားရသည့် ပြည်သူများကလည်း တက်တက်ကြွကြွပူးပေါင်းပါဝင် ကူညီထောက်ပံ့ပေးနေကြသည်ကို တွေ့မြင်ရ၍ များစွာဝမ်းမြောက်မိသည်။

ထိုသို့ဆောင်ရွက်ကြရာတွင် လက်ရှိကြုံတွေ့နေရမှုများအား ရေတိုချက်ချင်းကူညီထောက်ပံ့မှုများရှိနေသကဲ့သို့ အထက်ဖော်ပြပါ ထုတ်ပြန်ထားသော သဘာဝဘေးအန္တရာယ်ကျရောက်သည့် နေရာဒေသများအနေဖြင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရန် အခက်အခဲရှိနိုင်သောကြောင့် ရေရှည် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင်လည်း အားတက်သရော ဆက်လက်ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

ထို့အပြင် သဘာဝဘေးဆိုသည်မှာ အချိန်အခါမရွေး ဖြစ်ပေါ်တတ်သဖြင့် သဘာဝဘေးကာကွယ်ရေးလုပ်ငန်း အဆင့်လေးဆင့်ဖြစ်သည့် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း(Reduction)၊ ကြိုတင်အသင့်ဖြစ်စေခြင်း(Readiness)၊ တုံ့ပြန်ဆောင်ရွက်ခြင်း(Reponse)နှင့် ပြန်လည်ထူထောင်ခြင်း (Reduction)အဆင့်များအားလုံးကို ကြိုတင် စီမံဆောင်ရွက်ထားရမည်ဖြစ်သည်။

ဒုက္ခရောက်သူများကို ကူညီကယ်တင်စောင့်ရှောက်ခြင်းသည် မြန်မာတို့၏ မင်္ဂလာတရားတော်အတိုင်း ဆောင်ရွက်ပေးခြင်းဖြစ်သလို လူသားချင်းစာနာထောက်ထားမှုနှင့်အညီ ကူညီဖေးမပေးခြင်းလည်းဖြစ်သည်။ ထို့ကြောင့် အဆိုပါလုပ်ငန်းစဉ်များကို ယခုဖြစ်ပွားနေစဉ်အချိန်များတွင်သာမက မဖြစ်ပွားမီ၊ ဖြစ်ပွားပြီးအချိန်များတွင်လည်း အားတက်သရော ဆက်လက်ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။

အားနည်းသူကို ဖေးမကူညီပေးခြင်းသည် မွန်မြတ်သောလုပ်ငန်း ဖြစ်သည်။ ဝမ်းနည်းဖွယ်ရာအဖြစ်ဆိုးများနှင့် ကြုံတွေ့နေရသော ဒေသခံ ပြည်သူများအား အခက်အခဲများကြုံတွေ့နေရသည့်ကြားမှ စိတ်ဓာတ်ခွန်အားများ ပြန်လည်တက်ကြွလာရန် ဆောင်ရွက်ပေးရမည်ဖြစ်ရာ အစိုးရအဖွဲ့အစည်းများသာမက ပြည်သူအားလုံးတွင်လည်း တာဝန်ကိုယ်စီ ရှိကြပါသည်။ ။

No comments:

Post a Comment