Tuesday, July 28, 2015




The Mirror Daily's photo.
 

စစ်ကိုင်း ဇူလိုင် ၂၇

စစ်ကိုင်းမြို့တည် နန်းတည် နှစ် (၇ဝဝ)ပြည့်ပွဲတော်ကို ဇူလိုင် ၂၆၊ ၂၇၊ ၂၈ ရက်တို့တွင် ကြီးကျယ် ခမ်းနားစွာ ကျင်းပလျက်ရှိသည်။ စစ်ကိုင်းမြို့သည် မြန်မာနိုင်ငံတွင် ထင်ရှားပြီး မသိသူမရှိသော မြို့ပင်ဖြစ်သည်။ သူတော်စင်များ တရားရှာဖွေရာ စစ်ကိုင်းတောင်တော်မဟာသည် ထင်ရှားလှသည်။ စစ်ကိုင်းမြို့ကို ပင်းတယမြို့တည်တစ်စီးရှင်သီဟသူ၏ မြောက်နန်းရတနာပုံမိဖုရားမှ ဖွားမြင်သော အသင်္ခယာစောယွမ်းက သက္ကရာဇ် ၆၇၇ တွင် အတုလဝတီ မြို့ကိုတည်ခြင်းမှသည် စစ်ကိုင်းသမိုင်းကိုစတင်ခဲ့သည်ဟု သိရသည်။

စစ်ကိုင်းဟု ခေါ်တွင်လာမှုကို ပြောဆိုရာတွင် စူဠာသမ္ဘဝနှင့် မဟာ သမ္ဘဝဟူသော မျက်မမြင်အမြွှာ မင်းသားနှစ်ပါး မသိုးထမင်း မသိုးဟင်းနှင့် ဖောင်မျောလာရာ စစ်ကိုင်း အရပ်အရောက်တွင် မြစ်အတွင်းကိုင်း ပေါက်နေသော စစ်ပင်မှစစ်ကိုင်းနှင့် ငြိကာဖောင်ရပ်တန့်မှုကြောင့် စစ်ပင်ကိုင်း(သို့မဟုတ်)စစ်ကိုင်းဟု ခေါ်တွင်ခဲ့ကြောင်းနှင့် တစ်ဖက်တွင်လည်း ဧရာဝတီမြစ်စီးဆင်းလာရာတွင် စစ်ကိုင်းမြို့အရောက်တွင် လေးကိုင်းသဖွယ် အရှေ့မှ အနောက်စကိုင်းကာ စီးဆင်းသွားခြင်းကို အကြောင်းပြုကာ စကိုင်းမှသည် စစ်ကိုင်းဟုခေါ်ဝေါ်ကြောင်း သုတေသနပညာရှင်များ၏ မှတ်တမ်းများတွင် နှစ်မျိုးနှစ်စား လေ့လာတွေ့ရှိရသည်။

စစ်ကိုင်းမြို့သည် ဇေယျာရွှေမြေဟုလည်း ညွှန်းဆိုသလိုပင် သူတော်စင်များ တရားရှာရာ စစ်ကိုင်းတောင် တော်မဟာရှိသည့် မြို့အဖြစ်တင်စား ထားသည်။ကြုံခဲ့သော နှစ်(၇ဝဝ)ပြည့်ပွဲအတွက် (၇ဝဝ)ပြည့်ကွင်းတွင်လည်း မိုးရွာသည့်တိုင်အောင် ပြခန်းများကို လာရောက်ကြည့်ရှုလေ့လာ ကြသည်။ နေရာအသီးသီးမှစတုဒိသာ အလှူများကိုလည်း ပျော်ရွှင်စွာ စားသောက်ကြသည်။ ထိုစတုဒိသာ မဏ္ဍပ်များတွင် စစ်ကိုင်းသောတာပန် အရပ်ရှိ လေးကျွန်းမာန်အောင်ဘုရား စတုဒိသာမဏ္ဍပ်သည် ပိုမိုစည်ကားပြီး စစ်ကိုင်းနှစ်(၇ဝဝ)ပြည့် အထိမ်းအမှတ် အခမဲ့အပျော်တမ်းသင်္ဘော၊ မော်တော်များစီးကာ အမှတ်တရ ဓာတ်ပုံရိုက်ကူးသူများများပြားလျက်ရှိသည်။ နှစ် (၇ဝဝ)ပြည့် ပွဲလာ ပရိသတ်များသည် လေးကျွန်း မာန်အောင်မှ အခမဲ့အပျော်စီးသင်္ဘော စီးနင်းမှုကို နှစ်သက်သဘောကျကြသည်။ နှစ် (၇ဝဝ)ပြည့် အမှတ်တရ လည်းဖြစ်နေသည်။ သင်္ဘောသည် ဧရာဝတီမြစ်တွင်းမှ လှပသောတံတား ညီနောင်မြစ်ညီအစ်မဟုတင်စားသည့် ဧရာဝတီတံတား(ရတနာပုံ)အင်းဝ တံတားနှင့်ဧရာဝတီအလှ၊ ဒုဋ္ဌဝတီမြစ် အလှ၊ ကမ်းနှစ်ဖက်မှ ရွှေကြက်ယက် စေတီ၊ မယ်နုအုတ်ကျောင်းတို့ဘက် သို့ပတ်၍ ခုတ်မောင်းပေးသည်။ စစ်ကိုင်းနှစ်(၇ဝဝ)ပြည့်ပွဲတော်တွင် စတုဒိသာစားခြင်း၊ အခမဲ့အပျော်စီး သင်္ဘောစီးရခြင်းမှာ ဘဝတွင် အမှတ်တရဖြစ်နေသော ပွဲအဖြစ် ရင်ထဲစွဲထင်ကျန်ရစ်ကြောင်း ပွဲတော်လာ အပျော်စီးသင်္ဘောစီးသူတစ်ဦးက ပြောပြသည်။ (တိမ်တမန်)

No comments:

Post a Comment