ရေဘေးသတိပြု ကြိုတင်ကာကွယ်
ယခုလ တတိယပတ်မှစတင်၍ မြန်မာနိုင်ငံတစ်ဝန်း အဆက်မပြတ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေရာဒေသအများအပြားတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်။ အထူးသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကန့်ဘလူ၊ ကောလင်း၊ ဝန်းသို၊ ကျွန်းလှ၊ ဘုတလင်၊ မင်းကင်းစသည့် မြို့နယ်များတွင် ဆိုးရွားသည့်ရေဘေးဒုက္ခများ ကြုံတွေ့ခဲ့ရသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင်သာမက ကချင်ပြည်နယ်အချို့ဒေသများနှင့် ရှမ်းပြည်နယ်ဒေသများတွင်လည်း မိုးသည်းထန်မှုဖြစ်ပွားခဲ့သည်။ ရေကြီး ရေလျှံဖြစ်ပွားမှုကြောင့် တောင်ကျချောင်းရေများကျဆင်းခြင်း၊ ဆည်တမံ များမှ ရေပိုများလျှံထွက်ခြင်းတို့ဖြစ်ပွားခဲ့ရာ ကားလမ်းများ၊ ရထားလမ်းများနှင့် တံတားငယ်၊ တံတားလတ်၊ တံတားဟောင်းများ ပြိုကျပျက်စီးခဲ့သည်။ ထိုသို့ဖြစ်ပေါ်ခဲ့ခြင်းကြောင့် နေအိမ်များပျက်စီးခြင်းနှင့်အတူ လူအချို့လည်း ရေစီးနှင့်အတူ မျောပါအသက်ဆုံးရှုံးကြရသည်။
မိုးတွင်းကာလတွင် မိုးရွာသွန်းမှုမှာ မဆန်းသော်လည်း ပုံမှန်ရွာသွန်း မြဲထက် လွန်ကဲစွာရွာသွန်းသောအခါ မမျှော်လင့်သော အဖြစ်ဆိုးများနှင့် ကြုံတွေ့လာရသည်။ သဘာဝဘေးအန္တရာယ်များလာသောအခါ သဘာဝကို ရင်မဆိုင်နိုင်ဘဲ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးရသည်။ ယခု ကြုံတွေ့နေရသော သဘာဝဘေးကို သတိပြုရမည်။ သင်ခန်းစာယူရမည်။ သဘာဝ ဘေးဆိုသည်မှာ အချိန်အခါမရွေး ကျရောက်နိုင်သောကြောင့်ဖြစ်သည်။ မဖြစ်ခင်က ကြိုတင်ရှောင်ရှားတားဆီးနိုင်အောင်၊ ဖြစ်လာပါကလည်း ထိခိုက်ဆုံးရှုံးမှုနည်းပါးအောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။
ယခုလွန်ကဲစွာ ရွာသွန်းခဲ့သောမိုးသည် မြန်မာပြည်အထက်ပိုင်းတွင် ဖြစ်သည်။ အထက်ပိုင်းလွင်ပြင်ဒေသနှင့် ကုန်းမြင့်တောင်တန်းဒေသတို့၌လည်း မိုးသည်းထန်စွာရွာသွန်းသည်ကို သတိပြုရမည်။ ရေသည် မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းမြဲဖြစ်သည်။ အထက်တွင် တစ်ဟုန်ထိုးရွာသွန်းသောမိုးသည် အလျှံပယ် ရေလွှမ်းမိုးပြီးနောက် ရေအချို့ မြေအောက်သို့ရောက်ရှိသွားသကဲ့သို့ ရေများမှာ မြစ်ချောင်းများသို့ တစ်စတစ်စဆင်းသက်နေသည်ကို သိရှိကြလိမ့်မည်ဖြစ်သည်။
မြန်မာပြည်အလယ်ပိုင်း၊ အောက်ပိုင်းမှ မြစ်ချောင်းများစုန်ဆင်းရာ မြေနိမ့်ရပ်ဝန်းများတွင် မြစ်ရေများမှာ တရိပ်ရိပ်တက်၍နေသည်။ အောက်ပိုင်းတွင် ရေကြီးရေလျှံမှုမဖြစ်ပေါ်သေးသော်လည်း အပေါ်ရေကုန်လျှင် အောက်ရေ ပြည့်မည်ဖြစ်သည်။ လတ်တလောတွင် ရေများရာမိုးရွာဆိုသကဲ့သို့ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် မုန်တိုင်းငယ်တစ်ခုလည်းဖြစ်ပေါ်နေ ပြန်ရာ ရှေ့အဖို့လည်း မိုးပိုနေဦးမည်ဖြစ်သည်။
မြန်မာပြည်အောက်ပိုင်းတွင် မြစ်ရေတရိပ်ရိပ်တိုးနေသည်။ အောက်ပိုင်းဒေသအချို့မှ ရေတားရေကာများကို စောင့်ကြည့်နေရသည်။ ရေလမ်းကြောင်း ကျရောက်နိုင်သော အနိမ့်ပိုင်းဒေသများအဖို့ ယခုကတည်းက ကြိုတင်ကာကွယ်ထားကြရမည်။ ယခုမိုးများသည့်ဖြစ်စဉ်ကြောင့် ရေကြီးရေလျှံဖြစ်ပွားရသော အကြောင်းအရင်းနှင့် ပိုမိုဖြစ်ပွားရခြင်းတို့ သတိပြုဆင်ခြင်ပြင်ဆင် ဆောင်ရွက်ကြရမည်။
ရေကြီးရေလျှံမှုဖြစ်စဉ်တွင် မြစ်ချောင်းများမှာ အရေးကြီးသည်။ မြစ်ချောင်းလမ်းကြောင်း ကောင်းမွန်ပါက ရေသည် မြစ်ချောင်းအတွင်း၌သာ အဓိကရှိနိုင်သည်။ မြန်မာပြည်အထက်ပိုင်းဒေသများ ရေကြီးရေလျှံပြီးနောက် သဲနုန်းများမှာ နေရာအနှံ့အပြားတွင် ထူထဲစွာကျန်ရှိခဲ့သည်ကို သတိပြုရမည် ဖြစ်သည်။ သစ်တောများပြုန်းတီးမှုကြောင့် မြေဆီလွှာများတိုက်စားပွန်းပဲ့မှု လွယ်ကူသည်။ သစ်တောသစ်ပင်များမှာလည်း ယခုအခါ ပါးလျားလာ၍ သဲနုန်းပို့ချမှုများက သက်သေပြလျက်ရှိသည်။ မြစ်ချောင်း၊ ဆည်ကန်များတွင်လည်း ထို့အတူပင်ဖြစ်သည်။ မြစ်ချောင်း၊ ကန်မြောင်းများ နုန်းထူထပ်လာ၍ ရေနေမှုနည်းကာ ပတ်ဝန်းကျင်တွင်ရေဖုံးလွှမ်းနိုင်သဖြင့် ရေဝေရေလဲ သစ်ပင်များကို မဖြစ်ခင်ကတည်းက ထူထောင်ထားကြရမည်။
ယခုနှစ်မိုးရာသီမှာ ယခင်နှင့်မတူ ထူးကဲစွာရွာသွန်းသောကြောင့် ရေများအလျှံပယ်ဖုံးလွှမ်းသွားရသည်။ ရေသည်မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းတတ်ပြီး ရေစီးဆင်းရာလမ်းကြောင်းဖြောင့်တန်းအောင်၊ မြေဆီလွှာများ တိုက်စားခြင်းမပြုအောင် ရေဝေရေလဲသစ်ပင်စိုက်ခင်းများကို နောင်နှစ်များစွာအတွက် ကြိုတင်စိုက်ပျိုးထားခြင်းဖြင့် ရေကြီးရေလျှံမှု လျော့ပါးသက်သာ စေမည်ဖြစ်သည်။ ။
No comments:
Post a Comment