မန္တလေး ဇူလိုင် ၂၇
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် ကျောက်ဖျာ ချောင်းအတွင်း ဇူလိုင် ၂၅ ရက် နံနက် ၇ နာရီခန့်က ချောင်းရေဖြင့် ဆင်ငယ်တစ်ကောင်မျောပါလာခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် ဒေသခံကျေးရွာသားများ ပူးပေါင်း၍ ဆင်ငယ်အား ဆယ်ယူဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသည့် ဆင်ငယ် အား ရွှေဥဒေါင်းဘေးမဲ့တော မြန်မာ့ သစ်လုပ်ငန်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ သတင်းပေးပို့ ခဲ့သည်။ ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီခွဲတွင် ဆင်ငယ်အား စစ်ဆေးကြည့်ရှုရာ သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်ငယ်မဟုတ်ဘဲ တောဆင်ရိုင်း ဖြစ်ကြောင်းသိရသဖြင့် ရွှေဥဒေါင်း ဘေးမဲ့တောဌာနမှ သစ်တောဦးစီး ရုံးချုပ် နေပြည်တော်သို့ သတင်းပေးပို့ တင်ပြခဲ့သည်။
အဆိုပါ တောဆင်ရိုင်းငယ်သည် ခန့်မှန်းအသက် သုံးလ၊ လေးလခန့် ရှိပြီး အမြင့် သုံးပေခြောက်လက်မ၊ အလျား သုံးပေ ရှစ်လက်မ၊ လုံးပတ် လေးပေ ခြောက်လက်မ၊ အမြီးအရှည် တစ်ပေ ၁ဝ လက်မခန့်ရှိကာ မိခင်နို့ မပြတ်သေးသော အနက်ရောင် ဆင်မဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ ဆင်ငယ်သည် မိခင်နို့မပြတ်သေး သောကြောင့် မိခင်ဆင်အုပ်ထံသို့ ပြန်လည်ပို့ဆောင်နိုင်ပါက ပို့ဆောင် ရန်နှင့် အကယ်၍မပို့ဆောင်ပါက ကျောက်ကြီးကျေးရွာနှင့် ကျန်ကျေးရွာ များသို့ မိခင်ဆင်မကြီးက ဝင်ရောက် နှောင့်ယှက်ဖျက်ဆီးနိုင်ကြောင်း၊ ဖမ်းဆီးရမိသောနေရာနှင့် ငါးမိုင်ခန့် အကွာတွင် ကျောက်ကြီးကျေးရွာ အနီး၌ မိခင်ဆင်မကြီးမှာ ဆင်ငယ် ပျောက်ဆုံးနေသဖြင့် အော်ဟစ်နေကြောင်း ကြားသိရသဖြင့် သပိတ်ကျင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန သစ်တောဦးစီးဌာန မြန်မာ့သစ် လုပ်ငန်း ရွှေဥဒေါင်းဘေးမဲ့တော ဝန်ထမ်းများက ကျောက်ဖျာကျေးရွာ၏ အရှေ့ဘက် ငါးမိုင်ခန့်အကွာတွင် ဆင်အုပ်ရှိသော နေရာသို့ ဇူလိုင် ၂၅ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် တောဆင်ရိုင်းငယ်အား ပြန်လွှတ်ခဲ့ကြောင်း သိရသည်။
တင်မောင်(မန်းကိုယ်ပွား)
No comments:
Post a Comment