နေပြည်တော် ဇူလိုင် ၂၇
ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားနှင့် ဂျပန်နိုင်ငံမှWest Corporation တို့အကြား ရန်ကုန်မြို့ ကမ်းနားလမ်း လျှပ်စစ်ရထား(TRAM) ပြေးဆွဲရေးစီမံကိန်းအတွက် စာချုပ်များလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ရထားပို့ ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးချန်မောင်နှင့် ဦးမြင့်သိန်း၊အမြဲတမ်းအတွင်းဝန် ဦးဇော်မင်းဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံWest Corporation မှ ဒုတိယ ဥက္ကဋ္ဌ Miss Hoshino နှင့် ဒါရိုက်တာ ဦးစိုးဝင်းထွန်းတို့ တက်ရောက်ကြသည်။
ရှေးဦးစွာ ရန်ကုန်မြို့ ကမ်းနားလမ်း လျှပ်စစ်ရထား(TRAM) ပြေးဆွဲ နိုင်ရေးစီမံကိန်းအတွက် ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသူရိန်ဝင်းနှင့် West Corporation မှ ဒါရိုက်တာ ဦးစိုးဝင်းထွန်းတို့က ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၏ ရှေ့မှောက်၌ လက်မှတ် ရေးထိုးကြပြီး စာချုပ်များအား အပြန်အလှန်လဲလှယ်ကြသည်။
ရန်ကုန်မြို့တော် လျှပ်စစ်ရထားပြေးဆွဲရေးစီမံကိန်း ပထမအဆင့်အနေဖြင့် ဆောင်ရွက်ရမည့် လမ်းပိုင်းအခြေအနေအရ ရထားလမ်းခုံးကျော်တံတားများ လွတ်ကင်းမည့်နယ်မြေဖြစ်သည့် ထော်လီကွေ့မှ ပန်းဆိုးတန်းအထိ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလကုန်ခန့်တွင် ပြေးဆွဲနိုင်ရန်နှင့် ဒုတိယအဆင့်ကို ပန်းဆိုးတန်းမှ လင်းစဒေါင်းအထိ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလကုန်ခန့်တွင် ပြေးဆွဲနိုင်ရန် ရည်မှန်းထားရှိသည်။
ထိုသို့ ပြေးဆွဲနိုင်ရန်အတွက် ရထားလမ်းပိုင်းများကိုDual Guage အဖြစ် ပြုပြင်ပြောင်းလဲ လမ်းခင်းခြင်းနှင့် လျှပ်စစ်ဓာတ်တိုင်များ သွယ်တန်းရေးကို အဓိကဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သည်။
ရန်ကုန်မြို့ ကမ်းနားလမ်း၌ မြန်မာ့မီးရထားမှ လျှပ်စစ်ရထား (TRAM) ပြေးဆွဲခြင်းဖြင့် ရန်ကုန်မြို့နေ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ခြင်းအပြင် မြန်မာနိုင်ငံ၌ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်ကို ပိုမိုတွင်ကျယ်စေရန် အထောက်အပံ့ပေးနိုင်မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment