Friday, July 31, 2015

ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် လူစီးအမြန်ရေယာဉ်များနှင့်ကုန်တင်ရေယာဉ်များ ခရီးစဉ်ရပ်နား




The Mirror Daily's photo.


မုံရွာ ဇူလိုင် ၃ဝ

ချင်းတွင်းမြစ်ရေသည် မြစ်ကြောင်းတစ်လျှောက် မြို့ရွာများ၏ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလျက်ရှိရာ ခရီးသွားပြည်သူများ၊ ကုန်စည်များ သွားလာစီးဆင်းမှုတွင် မလိုလားအပ် သော ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပွားစေရေးအတွက် မုံရွာမြို့နယ် ပုဂ္ဂလိက ရေယာဉ်များစနစ်တကျပြေးဆွဲရေး ကော်မတီက ဇူလိုင် ၃ဝ ရက်မှ သြဂုတ် ၁ ရက်အထိ ကုန်တင်ရေယာဉ်များ၊ လူစီးအမြန်ရေယာဉ်များ ခရီးစဉ်ပြေးဆွဲခြင်းကို ရပ်နားထားကြောင်း သိရသည်။

ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် မစိန်ကျေးရွာနားရှိမစိန်ဝဲ၊ ကလေးဝ မြို့နယ်ရှိပေဝဲ၊ မင်းကင်းမြို့နယ် မောက္ကတော်ကျေးရွာရှိ ဝက်သိုက်ဝဲ၊ ဘုတလင်မြို့နယ်ရှိ ရွှေစာရေးဝဲများက မြစ်ရေကြီးချိန်များတွင် သင်္ဘောများ သွားလာရအခက်အခဲရှိသဖြင့် ခရီးစဉ်များကို ခေတ္တရပ်နား ခြင်းဖြစ်သည်။

''ချင်းတွင်းမြစ်ရေက ဒီနေ့နံနက် ၉ နာရီတွင် မုံရွာမြို့မှာ ၁ဝဝ၂ စင်တီမီတာကိုရောက်နေပြီ။ ကလေးဝမှာလည်း စိုးရိမ်ရေအမှတ်ကျော်နေ ပြီဆိုတော့ ခရီးတစ်လျှောက်မှာ အန္တရာယ် မဖြစ်စေရေးအတွက် ခရီးစဉ်ကို ခေတ္တရပ်နားထားမှာပါ။ မုံရွာမြို့မှာ ချင်းတွင်းမြစ်ရေ ၉၅ဝ စင်တီမီတာကို ပြန်ရောက်တာနဲ့ ခရီးစဉ်တွေကို ပြန်ဖွင့်ပေးသွားမှာပါ။ ဒီနှစ်က ချင်းတွင်းမြစ်ရေတက်ချိန် တစ်လလောက်စောတယ်လို့ ပြောရမယ်။ မနှစ်က စက်တင်ဘာ ၁ ရက်မှာ ပိတ်ရတယ်။ ဒီနှစ်မှာလည်း လတ်တလော သုံးရက်ပိတ်ထားတယ်။ မြစ်ရေကျသွားရင်တော့ ချက်ချင်း ပြန်ပြေးဆွဲခွင့်ပေးမှာပါ။ မြစ်ရေတက်ချိန် ကြာရင်တော့ လမ်းကြောင်းအခြေအနေအရ ထပ်ပြီးပိတ်သင့်ရင် ပိတ်ရမယ်'' ဟု မြို့နယ်ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ ဥက္ကဋ္ဌက ပြောသည်။

ချင်းတွင်းမြစ်အတွင်းတွင် မုံရွာမြို့မှ အထက်ချင်းတွင်းဒေသများသို့ ကုန်တင်အမြန်ရေယာဉ်နှင့် လူစီးအမြန်ရေယာဉ် ၅၈၆ စီးသည် နေ့စဉ်၊ အပတ်စဉ် အလှည့်ကျစနစ်ဖြင့် ပြေးဆွဲပေးလျက်ရှိရာ ယခုအချိန်တွင် ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ခရီးလမ်းတစ်လျှောက်တွင် အန္တရာယ်များ မဖြစ်ပေါ်စေရေးအတွက် ခရီးစဉ်အားလုံးကို ခေတ္တရပ်နားထားခြင်းဖြစ်ကြောင်း သိရသည်။
(ဖိုးချမ်း-မုံရွာ)

No comments:

Post a Comment